77 total views , 1 views today
မင်းပြားမြို့ စစ်ကောင်စီတပ်ရင်းကို AAသိမ်းပိုက်
*****************************
သဇင်
ဇန်နဝါရီ ၂၉၊၂၀၂၄။
ရခိုင်ပြည်နယ်မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်သည့် ခမရ (၃၈၀) တပ်ရင်းအား ရက္ခိုင့်တပ်တော် AA ကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု
ယမန်နေ့ညတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။
မင်းပြားမြို့တွင် စစ်ကောင်စီ၏ ခမရ (၃၈၀)၊ (၃၇၉) နှင့် (၅၄၁) တပ်ရင်း ၃ ရင်းတည်ရှိပြီး အဆိုပါတပ်ရင်းများအနက် ခမရ (၃၈၀) တပ်ရင်းအား ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် အဆိုပါတပ်ရင်းမကျစေရန်အတွက် လေကြောင်းမှ ပစ်ကူပေးခြင်းနှင့် ရေကြောင်းမှ စစ်အင်အားဖြည့်တင်းခြင်းတို့ဖြင့် ပြန်လည်ခုခံခဲ့သော်လည်း ယင်းထိုးစစ်များအတွင်း ရက္ခိုင့်တပ်တော်AAက အပြီးသတ်သိမ်းယူနိုင်ခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်း မြောက်ဦး၊ကျောက်တော်၊ရမ်းဗြဲ၊မောင်တော၊ဘူးသီးတောင် ၊မင်းပြားနှင့် ရသေ့တောင်မြို့နယ်များတွင်းလည်း စစ်ကောင်စီ လေကြောင်းသုံးခုခံတိုက်ခိုက်မှုကိုပြုလုပ်နေသည်မှာ ရက်သတ္တပတ်ကျော်ပြီဖြစ်သည်။
မင်းပြားမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှု၊လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများအပြင် နေအိမ်ပျက်စီးဆုံးရှုံးမှုများ
နေ့စဥ်ဖြစ်ပွားလျက်ရှိသည်။
လက်ရှိမင်းပြားမြို့တွင် ခမရ (၃၇၉) နှင့် (၅၄၁) တပ်ရင်း နှစ်ရင်းသာကျန်ရှိပြီး ရက္ခိုင့်တပ်တော် AA က ဝိုင်းရံပိတ်ဆို့ထားပြီး ဆက်လက် တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီအင်အားအနည်းအကျဉ်းသာ ကျန်ရှိတော့သည် ဟု သိရသည်။
ရက္ခိုင့်တပ်တော် AAသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်တွင် ချင်းပြည်နယ် ပလက်ဝအပါအဝင် ရခိုင်ပြည်စစ်ဆင်ရေးကို ဆင်နွှဲနေခဲ့ရာ ပလက်ဝမြို့၊ ပေါက်တောမြို့တို့ကို သိမ်းပိုက်ထားပြီဖြစ်သည် ။
ဓာတ်ပုံ-AA Info Desk
ပုံစာ-ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များ။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3181
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=3641