ဖားကန့်ရှိ ဝှေခါစစ်ကောင်စီဗျူဟာကုန်းကို KIA သိမ်းပိုက်
***************************
သံလွင်ခက်
ဇန်နဝါရီ ၂၀ ၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီဗျူဟာကုန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသခံများထံက သိရသည် ။
အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိများနှင့်တပ်သားတချို့ ထွက်ပြေးသွားခဲ့သဖြင့် ၎င်းစခန်းအား သိမ်းပိုက်ရရှိခြင်းဖြစ်သည်ဟု ဖားကန့် စစ်ရေးအရင်းအမြစ်များနှင့်နီးစပ်သည့် ကာကွယ်ရေးတပ်ဖွဲ့ ဝင်များကလည်း ပြောသည် ။
” စခန်းသိမ်းနိုင်တဲ့သတင်းတွေ အခုမနက်အစောပိုင်းထဲက ကြားနေရတာ။ အသေးစိတ်တော့ မသိရသေးဘူး “ဟု စစ်ရှောင်နေသည့် ဝှေခါဒေသခံ အမျိုးသား ၁ ဦးကပြောသည်။
ဝှေခါကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် PDF ပူးပေါင်းတပ်များက ယခုလ ဇန်နဝါရီ ပထမအပတ် ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
ဝှေခါစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ကူများအပြင် လေကြောင်းက လည်း မကြာခဏလာရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံကသိရသည် ။
ဝှေခါဗျူဟာစခန်းကုန်း သိမ်းပိုက်ခံလိုက်ရခြင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်များ၌လည်း ပြစ်တင် ပြောဆိုမှုများလည်းတွေ့နေရသည် ။
” ဂျင်းလော်ဘီတွေ။ မနေ့က အကြမ်းဖက်တွေ ပြေးနေပြီ။ သေကုန်တာ အတုံးအရုံးပဲလို့တင်ပြီး ခုမနက်ကျ ဝှေခါပါသွားပါပြီတဲ့ “ဟု စစ်တပ်ထောက်ခံသူ အချင်းချင်း ပြစ်တင်ပြောဆိုနေကြသည်။
အဆိုပါ ဝှေခါဗျူဟာကုန်းကို ယနေ့နံနက်အစောပိုင်းက အပြီးသတ်မသိမ်းပိုက်နိုင်ခင် ယမန်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
” စစ်တပ်ကုန်းက တစ်ခုပဲရှိတယ်။ တော်တော်ကြီးတယ် စခန်းက ။ ကျန်တာက ရဲကင်းတွေရှိတယ် “ဟု ဒေသခံ အမျိုးသား ၁ ဦးကပြောသည် ။
ကျောက်စိမ်းလုပ်ကွက်များနှင့် ကုမ္ပဏီအများအပြားရှိနေသည့် ဝှေခါကျောက်မှော်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်လိုက်နိုင်ခြင်းနှင့်ပတ်သက်ပြီး KIA ဘက်က တစ်စုံတရာ အသိပေးထုတ်ပြန်လာခြင်းမရှိသေးပေ။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3089
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6692