စစ်တွေတွင် နှစ်လအတွင်း အရပ်သား ၂၀၀ ခန့် စစ်တပ်ဖမ်းဆီး
****************************************
မိခိုင်
ဇန်နဝါရီလ ၈ ၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာများက အရပ်သားပြည်သူ ၂၀၀ ခန့်အား နိုဝင်ဘာလကစ၍ စစ်ကောင်စီတပ်ကဖမ်းဆီးထားကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောသည်။
ဖမ်းဆီးခံရသူများတွင် ကျောင်းသားများ၊ ဆေးလာရောက်ကုသသူများနှင့် စစ်တွေမြို့သို့ စျေး၀ယ်လာသူများပါဝင်သလို စစ်တွေမြို့အနီးဝန်းကျင်ရှိ ကျေးရွာများကဒေသခံများလည်း ဖမ်းဆီးခံရသူများတွင် ပါဝင်သည်ဟု သိရသည်။
ယမန်နေ့ကလည်း စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာနှင့် သုံးဆောင်ကျေးရွာက ဒေသခံ ၄၀ ဝန်းကျင်အား စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်ဟု စစ်တွေဒေသခံ ၁ ဦးက ဆိုသည်။
” မနေ့က မနက် ၆ နာရီလောက်မှာ စစ်တပ်ကဝင်လာပြီးတော့ ဖမ်းသွားတယ်လို့ သိရတယ်။ သုံးဆောင်နဲ့ ဗျိုင်းဖြူကျေးရွာက စုစုပေါင်း ၄၀ လောက် ဖမ်းသွားတယ်လို့ ပြောကြတယ်။ အတိအကျ မသိရသေးဘူး ” ဟုပြောသည်။
စစ်ကောင်စီတပ်များသည် စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာနှင့် သုံးဆောင်ကျေးရွာများကို လက်နက်အပြည့်အစုံဖြင့် ဝရုန်းသုန်းကားဝင်ရောက်လာကာ အရပ် သားပြည်သူ ၄၀ ကျော်အား အင်အားသုံး၍ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ရက္ခိုင့်တပ်တော် – AA ကလည်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်တွင်လည်း ပေါက်တောဘက်က စျေးလာဝယ်သည့် ကုန်တင်ကုန်ချပြုလုပ်နေသူ ၂၀ ဦးဝန်းကျင်အား ကိုးရီးယာဆိပ်ကမ်းတွင် စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
စစ်တွေမြို့ရှိ ဒေသခံပြည်သူများကို စစ်တပ်က မင်းမဲ့စရိုက်ဆန်ဆန်ဖမ်းဆီးကာ လူ့အခွင့်အရေးချိုးဖောက်နေသည်ဟု လူ့အခွင့်အရေးလှုပ်ရှားနေသူ ၁ ဦးက ပြောသည်။
” သူတို့က အပြစ်မဲ့ပြည်သူတွေကို ဖမ်းတယ်။ ပိုက်ဆံတောင်းတယ်။ ဥပဒေအရလည်း မဟုတ်ဘူး။ ၂၄ နာရီထက် ကျော်လွန်ပြီးတော့ ချုပ်နှောင်တယ်။ ဒါတွေဟာ လူ့အခွင့်အရေး ချိုးဖောက်နေတယ်ဆိုတာမျိုးကိုလည်း သူတို့မသိဘူး။ သူတို့က လုပ်ချင်သလို လုပ်နေတယ် ” ဟု ၎င်းက ဆိုသည်။
စစ်တွေမြို့ရှိ ကိုးရီးယားဆိပ်ကမ်းသို့လာရောက်သည့် အရပ်သားများအား စစ်တပ်က နေ့စဥ်ဆိုသလို ၃ ကြိမ်ထက်မနည်း လာရောက်ဖမ်းဆီနေသည်ဟု ယင်းအနီးဝန်းကျင်ရှိ ဒေသခံအမျိုးသမီး ၁ ဦးကပြောသည်။
” စျေးလာဝယ်တဲ့ လူတွေကို တစ်နေ့ ၃ ခေါက်လောက် လာဖမ်းတယ်။ အရပ်ဝတ်နဲ့လည်းပါတယ်။ စစ်သားရော ရဲရောပါတယ် ” ဟု ဆိုသည်။
စစ်တပ်က ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြား စသည့်မြို့နယ်အများအပြားတွင် ရေလမ်း၊ ကုန်းလမ်းပိတ်ဆို့ထားပြီး စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်း၌ ကုန်တင်ကုန်ချလုပ်ကိုင်နေကြသည့် အရပ်သားပြည်သူများနှင့် ဒေသခံခရီးသွားများကိုဖမ်းဆီးကာ ငွေတောင်းခံခြင်းများ လုပ်ဆောင်နေကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများထံက သိရသည်။
ဓာတ်ပုံ – ရခိုင်နေ့စဥ်။
ပုံစာ – ရခိုင်ပြည်နယ်၊ ဆိပ်ကမ်းတစ်နေရာတွင် ခရီးသွားများအားစစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့မြင်ရစဥ်။