ပေါက်တောတွင် စပါးတင်လာသည့် စက်လှေကို ရေတပ်ကပစ်ခတ်
**************************
မိခိုင်
နိုဝင်ဘာ ၂၉၊ ၂၀၂၃။
ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ်၊ ဟင်းခရော်ကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက် နေ့လယ် ၁ နာရီဝန်းကျင်က စပါးတင်လာသည့်စက်လှေအား စစ်ကောင်စီရေတပ်က ပစ်ခတ်သည့်အတွက် အသက် ၅၀ နှစ် အရွယ် အမျိုး သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီရေတပ်အနေဖြင့် ကုလားတန်မြစ်ကြောင်းတစ်လျှောက်သွားလာ၍ တရပ်စပ်ပစ်ခတ်နေခြင်းဖြစ်ပြီး ဟင်းခရော်ကျေးရွာအနီးရောက်သည့်အချိန်တွင် ကျေးရွာတွင်းနှင့် စပါးတင်လာသည့်စက်လှေအား ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ၁ ဦးက ဆိုသည်။
” ရွာထဲကိုလည်း ရေတပ်ကနေပြီး ပစ်သွားတယ်။ အဲဒီအချိန် မင်းပြားဘက်က စပါးတင်လာတဲ့ စက်လှေကို မြင် သွားတာပေါ့။ လမ်းမှာတွေ့ကြတယ်လို့ ပြောလို့ရတယ်။ စက်လှေမှာက ၄ ယောက်ပါတယ်။ သူတို့ ပစ်လိုက်လို့ အကုန် ရေထဲပြေးဆင်းသွားကြတယ်။ အဲဒီမှာ ၁ ယောက်သေသွားတာပါ။ သေတဲ့လူမှာ ဒဏ်ရာပါလား၊ မပါလာဘူးလား အတိအကျမပြောနိုင်ဘူး ” ဟု ၎င်းကပြောသည်။
စက်လှေ၌ပါလာသည့် လူ ၃ ဦးမှာလည်း ရေထဲသို့ ခုန်ချသွားသည့်အတွက် ဘေးအန္တရာယ်မကျရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီရေတပ်က ရွာတွင်းသို့ လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သည့်အတွင် မြစ်အနီးဝန်းကျင် တလျှောက်က နေအိမ်များသို့ ကျရောက်ခဲ့ကြောင်း ကျေးရွာသား ၁ ဦးက ပြောသည်။
” သူတို့က ပစ်ပြီး လာတာ။ လက်နက်ကြီးနဲ့ ပစ်လိုက်၊ လက်နက်ငယ်နဲ့ ပစ်လိုက်လုပ်နေကြတာ။ လူတွေက အကုန် ဘေးလွတ်ရာကိုပြေးကြတော့ ထိခိုက်ဒဏ်ရာတော့ မရဘူး။ နေအိမ်တွေကတော့ အိမ်တိုင်းလိုလို ထိသွားတယ် ” ဟု ဆိုသည်။
လက်ရှိတွင် ဟင်းခရော်ကျေးရွာသားများမှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်ရှောင်နေကြကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်ကလည်း စပါးရိတ်သိမ်းနေသည့် နတ်ချောင်း ကျေးရွာ သားများအားလေကြောင်းကတဆင့် စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သေးသည်။
စစ်ကောင်စီက ကုလားတန်မြစ်ကြောင်းတလျှောက်တွင် Navy ၄ စီးအထိချထားပြီး အဆိုပါ Navy များက ညအချိန်ကစပြီး ၅ မိနစ်ခြား ၁ ခါ အဆက် မပြတ် ပစ်ခတ်နေခြင်းဖြစ်သလို ပေါက်တောမြို့သိမ်းတိုက်ပွဲတွင် လည်း ရေတပ်ကော လေတပ်ပါ ပူးပေါင်းတိုက်ခိုက်နေသည်။
စစ်ကောင်စီသည် ပေါက်တောမြို့ပေါ်တွင်လည်း မီးပါသည့်လက်နက်တစ်မျိုးကိုအသုံးပြုကာ လေယာဥ်ကနေပစ် ခတ်နေသည့်အတွက် မြို့ထဲတွင် မီးမကြာ ခဏ လောင်ကျွမ်းလျက်ရှိသည်။
ပုံစာ . စစ်ကောင်စီ Navy ။
ဓာတ်ပုံ – ရခိုင်ပြည်နယ်အစိုးရအဖွဲ့။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2585
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6432