လက်နက်ကြီးကြောင့် သာမဏေ ၂ ပါး ထိခိုက်ဒဏ်ရာရ
*************************
နန်းဆုပန်ခန့်
နိုဝင်ဘာ ၂၈၊ ၂၀၂၃။
ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ဝအခြေစိုက် အမတ − ၃၁၂ က နိုဝင်ဘာလ ၂၇ ရက်၊ ညနေ ၅နာရီခွဲမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ် လို့ KNU ကထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် ကော့ကရိတ်တောင်ပိုင်း၊ အံဖလေးကျေးရွာ ဘုန်းကြီးကျောင်းက ကိုရင် ၂ ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံတွေဆီကသိရပါတယ်။
“ ပစ်တာက ညနေ ၅ နာရီကျော်ကျော်လောက် ကပစ်တာ။ ထိတာက ၅ နာရီခွဲလောက်မှာထိတာ၊ ကျည်တောရွာ ထဲရော ဘုန်းကြီးကျောင်းထဲရော လက်နက်ကြီး ၅ လုံးကျပြီး ကိုရင် ၂ ပါးထိတယ်” လို့ ဒေသခံ ၁ ဦးက သံလွင် ခက် သတင်းဌာနကို ပြောပါတယ်။
အံဖလေးကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင်နဲ့ ရေချမ်းစင် ထိမှန်ပျက်စီးခဲ့ပြီး အသက် ၁၄ နှစ်နဲ့ ၁၆ နှစ်အရွယ် သာမဏေ ၂ ပါးလည်း လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
KNU ထိန်းချုပ်နယ်မြေအတွင်း ၂၀၂၃ ဇန်နဝါရီလ ၁ ရက်ကနေ စက်တင်ဘာ လကုန်အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း ၁၁ ကျောင်း ပျက်စီးခဲ့တယ်လို့လည်း ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။
ပုံစာ – လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့သည့် ကိုရင် ၂ ပါး။
ဓာတ်ပုံ – KNU
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2583
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6426