မယ်စဲ့မြို့နယ်မှ ဆုတ်လာသည့်စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ကြားဖြတ်တိုက်ရာ ၂၀ ဦးသေဆုံး
*********************************
သံလွင်ခက်
နိုဝင်ဘာ ၂၉ ၊ ၂၀၂၃ ။
ကရင်နီ-ထိုင်းနယ်စပ် မယ်စဲ့မြို့နယ်မှ ဖားဆောင်းမြို့နယ်ဘက်သို့ ဆုတ်ခွာလာသည့်စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးခဲ့သည်ဟု ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။
အင်အား ၃၀ ဝန်းကျင်ရှိစစ်ကောင်စီတပ်စစ်ကြောင်းကို KA ၊ KNPLF ၊ KNDF ၊ PDF စသည့်ကရင်နီပူးပေါင်းတပ်များက နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
” ပန်တိမ်းက ပြန်ဆုတ်တဲ့တပ်နဲ့က ၂၅ ၊ ၂၆ မှာတိုက်ပွဲဖြစ်တာလေ။ ဒီ နမ့်ပင်လိန်နဲ့ဖာဆောင်းကြားမှာပေါ့နော်။ အဲမှာက ကျွန်တော်တို့သိပ်မရှင်းနိုင်ဘူး။ ဒီ ၂၆ရက်မှရှင်းတော့ အလောင်းတွေရတယ်လေ “ဟု ဗိုလ်မှူးကြီး ဘုန်းနိုင်ကပြောသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာအား ကရင်နီပူးပေါင်းတပ်များက ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ နှင့် တစ်ဦးကို အရှင်ဖမ်းမိပြီး ခဲယမ်း၊ ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်။
မယ်စဲ့မြို့ကို ကရင်နီပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇွန်လတတ်ပတ်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက တပ်မ ၅၅ ၊ ၆၆ လက်အောက်ခံ တပ်ဖွဲ့ဝင်များကို ရဟတ်ယာဥ်အပါအဝင် အင်အားပြန်ဖြည့်၍ ပန်တိန်းကျေးရွာအနီးရှိ BGF စခန်းကုန်းများ၌ ပြန်လည် တပ်စွဲထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပန်တိန်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကုန်း ၃ ခုကို ကရင်နီပူးပေါင်းတပ်များက နိုင်ဝင်ဘာ ၇ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်၊ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့သည်။
” ၇ ရက်နေ့က တိုက်တာက ပန်တိန်းနားက စခန်းခွဲတွေပေါ့နော်။ ပန်တိန်းမှာ နည်းနည်းပါးပါးကျန်တယ်။ အခုပြန်ဆုတ်တဲ့တပ်တွေပဲလေ ။ တပ်မ ၅၅ လက်အောက်ကတပ်ရင်းတွေပေါ့နော် “ဟု ဘုန်မှူးကြီးဘုန်းနိုင်က ပြောသည်။
ပန်တိန်းရှိ စခန်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်ရှိရာ ၇ ရက်နေ့တိုက်ခိုက်မှုတွင် ၃၀ နီးပါးသေဆုံးခဲ့ပြီး ကျန်သည့်တပ်ဖွဲ့ဝင်များမှာ ယခုနိုဝင်ဘာ နောက်ဆုံးပတ်အတွင်း၌ ဖာဆောင်းဘက်တပ်ဆုတ်ချိန် ကရင်နီပူးပေါင်းတပ်များက ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မယ်စဲ့မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များမရှိတော့ဘဲ တပ်ပြန်ဆုတ်သည့်စစ်ကြောင်းမှ လွတ်မြောက်သွားသည့် ၁၀ ဦးဝန်းကျင်သည်လည်း ဖာဆောင်းဘက်ရောက်ရှိသွားပြီဟု သိရသည်။
ယခုသတင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးနေသည့် သတင်း၊ဓာတ်ပုံများပါရှိပြီး သံလွင်ခက်၏ ဝက်ဆိုက်နှင့်တယ်လီဂရမ်တို့၌ ကြည့်ရှုနိုင်သည်။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2591
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6437