ရခိုင်တွင် ၁ ရက်အတွင်း အရပ်သား ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ
**************
မိခိုင်
နိုဝင်ဘာ ၁၄၊ ၂၀၂၃။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် – AA တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၁၃ ရက် တွင် စစ်ကောင်စီ၏လက်နက်ကြီး၊ လက် နက်ငယ်ပစ်ခတ်မှုများကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူများမှာ ကျောက်တော် အပေါက်ဝ ကျေးရွာက ဦးအောင်ကျော်ဇော (အသက် ၆၀ နှစ်)နှင့် အသက် ၅၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးအပြင် ဝန်ထမ်းဟုယူဆရသော မြောက်ဦးမြို့နယ်က အသက် ၂၀ ကျော်အရွယ် အမျိုး သား ၂ ဦး တို့ဖြစ်ကြသည်။
ကျောက်တော်၊ အပေါက်ဝကျေးရွာတွင် နိုဝင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းက အပေါက်ဝ ရဲတပ်သား ၂၈ ဦး AA ထံ လက်နက်ချသွားသည်ကို မကျေနပ်သည့်အတွက် စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ ရာ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲသဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း အပေါက်ဝ ရွာသား ၁ ဦးက ဆိုသည်။
” ရဲစခန်းက မနက် ၁၀ နာရီလောက်မှာ လက်နက်ချတာ။ အဲဒါကို မကျေနပ်လို့ ရဲစခန်းပတ်ဝန်းကျင်ကို ညနေ ၄ နာရီလောက်မှာ ကျောက်တော် ၅၃၉ တပ်က အမြောက်နဲ့လှမ်းထုတဲ့အချိန် ရွာထဲက လူတွေထိသွားတာပါ” ဟု ပြောသည်။
ယင်းအပြင် အပေါက်ဝရွာသား ၄ ဦးလည်း ဒဏ်ရာရရှိသွားသည့်အပြင် နေအိမ်ကိုလက်နက်ကြီးကျသဖြင့် သေဆုံး သွားသော ဦးအောင်ကျော်ဇော ၏ဇနီးဖြစ်သူမှာလည်း ခြေထောက်တစ်ဘက်ပြတ်တောက်သွားပြီး ဒဏ်ရာပြင်း ထန်ကြောင်း သိရသည်။
မြောက်ဦးတွင်လည်း ရတနာပါလနာရေးရုံးအနီးက ဖြတ်သန်းသွားသည့် ကား ၁ စီးကို စစ်ကောင်စီကလက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” ၁ ယောက်က ပွဲချင်းပြီးသေသွားတယ်။ နောက် ၁ ယောက်က တိမ်ညိုဆေးရုံရောက်ပြီးမှ သေသွားတယ်။ ကျန် ၂ ယောက်ကတော့ ဒဏ်ရာပြင်းလို့ သတိမရသေးဘူး။ သိရသလောက်ကတော့ ရန်ကုန်ကနေကားနဲ့ ကြော်ငြာလာ ကပ်တာလို့ သိရတယ် ” ဟု ဒေသခံ ၁ ဦးကဆိုသည်။
မင်းပြားမြို့နယ် ဖေသာပြင်ကျေးရွာတွင်လည်း စပါးရိတ်နေသည့် လယ်သမား ၁ ဦး လက်နက်ကြီးစ ထိမှန်သွား သည့်အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေသည့်အတွက် ဒေသခံများအနေဖြင့် ဘေး လွတ်ရာသို့ ပြောင်းရွှေ့နေကြကြောင်း အပေါက်ဝ ကျေးရွာသား ၁ ဦး ဆိုသည်။
” လက်ရှိကတော့ လူတွေက တခြားနေရာတွေကို ပြောင်းနေကြတယ်။ တချို့ကတော့ကျန်ခဲ့တာပေါ့။ ကျောင်း တွေလည်း ပိတ်ထားတယ်။ ရွာမှာကျန်ခဲ့တဲ့ လူတွေက စစ်ကြောင်းထိုးလာမလား ဆိုပြီး စိုးရိမ်နေကြတယ် ” ဟု ပြော သည်။
ရက္ခိုင့်တပ်တော် – AA က အပေါက်ဝရဲစခန်းကို သိမ်းယူခဲ့သည်မှာမှန်ကန်ကြောင်းနှင့် ရခိုင်ဒေသအတွင်း တိုက်ပွဲ ၅ နေရာ ဖြစ်ပွားခဲ့ကြောင်း ၎င်းကပြောသည်။
ရက္ခိုင့်တပ်တော် – AAနှင့် စစ်ကောင်စီတို့သည် ရသေ့တောင်မြို့နယ်ရှိ ချိန်ခါလီ၊ ဒုံးပိုက်ရွာအနီးတွင်လည်းကောင်း၊ မောင်တောမြို့နယ်၊ မီးတိုက် နှင့် သင်္ဘောလှရွာအနီးတွင်လည်းကောင်း ၊ မင်းပြားမြို့နယ်၊ ဖားပြို (ချင်း) ကျေးရွာ အရှေ့မြောက်ဘက် ၁၁၀၀ မီတာအကွာရှိ ရန်ကုန်-စစ်တွေ ကားလမ်းမထက်တွင်လည်းကောင်း၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာ အရှေ့မြောက်ဘက် ၅ ဒဿမ ၇ ကီလိုမီတာအကွာ မင်းပြား – မြောက်ဦးမြို့နယ်ကြားနှင့် ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ်ကမ်းမြောက်ဘက် ဒုံးပိုက်ကျေးရွာအနီးတွင်လည်းကောင်း တိုက်ပွဲအသီးသီး ဖြစ်ပွားခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာများသို့ စစ်သင်္ဘောများပေါ်က လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ၎င်းတို့အခြေစိုက်တပ်စခန်းများကနေ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် ခတ်နေမှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများရှိသည်ဟု ပြောဆိုနေကြသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၏ အလောင်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး အလင်းဝင်လာသူများကိုလည်း လက်ခံထားကြောင်း ပြောသည်။
” တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံတဲ့သူတွေရှိခဲ့သလို မိမိတို့နဲ့ နီးစပ်ရာ စခန်းတွေကိုဆက်သွယ်ပြီး စစ်ဘက်နဲ့ ရဲဘက်က လက်နက်ချအညံ့ခံလာတဲ့လူတွေကိုလည်း မိမိတို့က ကောင်းစွာ လက်ခံထားပါတယ် ” ဟု ဆိုသည်။
ရခိုင်ဒေသရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်တပ်ဖွဲ့ဝင်များအနေဖြင့် အသက်မသေဘဲ မိသားစုဝင်များနှင့်တွေ့ ဆုံလိုပါက နီးစပ်ရာစခန်းများသို့ အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချအညံ့ခံရန် အသိပေးလိုက်ကြောင်းလည်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
ပုံစာ – ရက္ခိုင့်တပ်တော် – AA။
ဓာတ်ပုံ – ရက္ခိုင့်တပ်တော် – သတင်းနှင့် ပြန်ကြားရေးဌာန။