ဘုန်းမောင် ၊ ကောင်းချစ်အောင် ၊ သဇင်
စက်တင်ဘာ ၁၅၊ ၂၀၂၃။
ဒီမိုကရေစီဆိုသည်က အချိန်ကာလအရ ချက်ချင်းလိုအပ်သောလိုအပ်ချက်တစ်ရပ်ဖြစ်သည်ဟုထင်ရသော်လည်း စစ်အာဏာရှင်များ၏အပြောင်းအလဲများနှင့်ပတ်သက်ပြီးလေ့လာနေသောသုတေသီပညာရှင်များကတော့ စစ်အာ ဏာရှင်များကိုယ်တိုင်ဒီမိုကရေစီအသွင်ကူးပြောင်းလုပ်ငန်းစဥ်ဆီသို့ ဦးတည်သွားချိန်ရောက်မှသာလျှင် အသွင်ကူးပြောင်းမှုများ စတင်ဖြစ်ပေါ်လေ့ရှိသည်ဟု ဆိုကြပါသည်။
ယနေ့ စက်တင်ဘာ ၁၅ ရက်သည် နိုင်ငံတကာဒီမိုကရေစီနေ့ဖြစ်သော်လည်း မြန်မာနိုင်ငံတစ်ဝှမ်းမှာတော့တိုက်ပွဲ သံများခြိမ့်ခြိမ့်oJလျက်သာရှိတော့၏။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ကစီးပွားရေး ချောက်နက်ထဲကျရောက်ခဲ့သည်။ စစ်ကောင်စီကော ခုခံတော်လှန်သူများကပါအပြိုင်အဆိုင်လက်နက်တပ်ဆင် နေကြပြီး နိုင်ငံတော်၏ဘဏ္ဍာငွေများအားလုံးနီးပါးက
လက်နက်တပ်ဆင်ရေးလုပ်ငန်းများတွင် ကုန်ဆုံးနေရ သည်။ စစ်အာဏာသိမ်းမှုက တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်မှုများအားလုံးကို နောက်ကြောင်းပြန်လှည့်စေခဲ့ပါသည်။
ရေကုန်ရေခမ်းတိုက်ခိုက်နေကြသော လက်ရှိတိုက်ပွဲများတွင်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၏ရည်မှန်း ချက်က စစ်အာဏာရှင်စနစ်ပြုတ်ကျပြီးမိမိတို့ပိုင်နယ်မြေများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးသာဖြစ်သည်။ စင်စစ် တော့ တိုင်းရင်းသားများ၏
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးတောင်းဆိုချက်များက ယခုမှ စတင်ခဲ့သည်မဟုတ်ဘဲ ပြီးခဲ့သောနှစ်ပေါင်းများစွာကတည်းက တောင်းဆိုချက်ဖြစ်သည်။ ယခုနွေဦးတော်လှန်ရေးမှာတော့တိုင်းရင်းသားများ သာမက ပြည်မကဗမာလူမျိုးများလည်းပါဝင်နေကြပြီဖြစ်သည်။
စစ်အေးတိုက်ပွဲနှင့် ဒီမိုကရေစီသင်းကွပ်ခံရခြင်း
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ဗြိတိသျှတို့ထံက လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်းပါလီမန် စနစ် အခြေခံသော ဒီမိုကရေစီနိုင်ငံဖြစ်လာခဲ့သည်။ ပထမဆုံးသမ္မတက စဝ်ရွှေသိုက်ဖြစ်ပြီးပထမဆုံးဝန်ကြီးချုပ် မှာ ဦးနု ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းပြည်တွင်းမငြိမ်သက်မှုများနှင့်ကြုံတွေ့ခဲ့ရသောမြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်တွင်လည်းစစ်အာဏာသိမ်းမှုကို ထပ်မံကြုံတွေ့ခဲ့ရပြန်သည်။ ထိုအချိန်ကစ၍ မြန်မာနိုင်ငံသည် ဒီမိုက ရေစီသင်းကွပ်ခံခဲ့ရပြီး လက်ရှိအချိန်ထိလည်း အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသောပြည်တွင်းမငြိမ်သက်မှုများ ကို ရင်ဆိုင်နေရဆဲဖြစ်သည်။
လွတ်လပ်ရေး ၊ ပြည်တွင်းမငြိမ်သက်မှုများနှင့် တပါတည်းအတူတွဲပါလာသည်ကစစ်အေးတိုက်ပွဲဖြစ်သည်။ စစ် အေးတိုက်ပွဲသည် အမေရိကန်နှင့်ဆိုဗီယက်ပြည်ထောင်စုတို့အကြားဖြစ်ပွားခဲ့သော ဝါဒချင်းယှဥ်ပြိုင်မှုဆိုသော် လည်း ၎င်းနိုင်ငံ ၂နိုင်ငံနှင့်ဆက်စပ်ပတ်သက်သမျှသော နိုင်ငံများအားလုံးလည်း စစ်အေးတိုက်ပွဲအတွင်း ပါဝင်ပတ်သက်ခဲ့ရသည်ချည်းဖြစ်၏။ ဒုတိယကမ္ဘာစစ်၏နောက်ဆုံးကာလများအတွင်း ဆိုဗီယက်ယူနီယံ ၊အမေရိကန်ပြည် ထောင်စု ၊ ဗြိတိန် နှင့် ပြင်သစ်တို့သည် ဘက်တစ်ဘက်တည်းတွင် အတူရှိခဲ့ကြပြီး
ဝင်ရိုးတန်းအင်အားကြီးနိုင်ငံများ ကိုဆန့်ကျင်သော မဟာမိတ်များဖြစ်ခဲ့ကြသည်။
အဆိုပါနိုင်ငံများအကြား သဘောမတူညီမှုများစွာရှိခဲ့ကြပြီး ဒုတိယကမ္ဘာစစ်အလွန်တည်ရှိမည့်ကမ္ဘာကြီးနှင့်ပတ် သက်၍ သဘောမတူညီမှုများက အဆိုးရွားဆုံးဖြစ်သည်။ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားသောအချိန်မှာတော့ ဥရောပ တိုက်၏အစိတ်အပိုင်းတော်တော်များများကိုအဆိုပါ ၄ နိုင်ငံကဩဇာလွှမ်းမိုးခဲ့သည်။ အမေရိကန်နှင့် ဆိုဗီယက် ယူနီယံတို့တွင်လည်းအင်အားအကောင်းဆုံးသော စစ်အင်အားရှိခဲ့ကြသည်။ ၁၉၉၀ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲသွားခြင်းဖြင့် စစ်အေးတိုက်ပွဲပြီးဆုံးသွားခဲ့သည်။ သို့သော်
ဆိုဗီယက်ယူနီယံပြိုကွဲခြင်းနောက်ဆက်တွဲအဖြစ် လက်ရှိအချိန်တွင် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့စစ်မက်များဖြစ်ပွားနေကြသလို ဥရောပနိုင်ငံအများစုနှင့် အမေရိကန် တို့က ယူကရိန်းနိုင်ငံကို စစ်ရေးနှင့်ဘဏ္ဍာရေးအကူအညီများပေးနေကြသည်။ တစ်ဘက်တွင်လည်း ရုရှားနိုင်ငံက တရုတ် ၊မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံကဲ့သို့သော အာဏာရှင်နိုင်ငံများနှင့် မဟာမိတ်ဖွဲ့လျက်သာရှိသည်။အကျိုးစီးပွားအခြေပြု ကမ္ဘာ့နိုင်ငံများသည်လည်း မီးစတစ်ဘက် ရေမှုတ်တစ်ဘက်အနေအထားတွင်အသင့်ရှိနေ ကြသည်။ မြန်မာ့နိုင်ငံရေးတွင် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကအဓိကအခန်းကပါဝင်ခဲ့ကြသည်။ ထို့ ကြောင့်လည်း မြန်မာနိုင်ငံနှင့် တရုတ် ၊ ရုရှားဆက်ဆံရေး ကနဦးကာလများကို အကျဥ်းမျှဖော်ပြလိုပါသည်။
စိန်ရတုတိုင်ခဲ့ပြီဖြစ်သော ရုရှား – မြန်မာဆက်ဆံရေး
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကို ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်တွင် စတင်ခဲ့ပြီး ရုရှား – မြန်မာသံတမန် ဆက်ဆံရေးကို တော့ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ရက်တွင် စတင်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်သည် ရုရှား – မြန်မာ သံတမန်ဆက်ဆံရေးစိန်ရတုနှစ်ပတ်လည်နေလည်းဖြစ် သည်။
ရုရှားနှင့် မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ သမုဒ္ဒရာများနှင့်တိုက်ကြီးများခြားနားထားသော်လည်း ၂ နိုင်ငံ အပြန်အလှန်နားလည်မှု ၊ စီးပွားရေးအခွင့်အလမ်း နှင့်မဟာဗျူဟာဆိုင်ရာထည့်သွင်းစဥ်းစားမှုများအပေါ် အခြေခံ၍နီးကပ်သောဆက်ဆံရေးတည်ဆောက်ထားခဲ့ကြသည်။ ၁၉၅၅ ခုနှစ် အောက်တိုဘာလတွင် မြန်မာအစိုးရအကြီးအကဲ ဝန်ကြီးချုပ်ဦးနု ဆိုဗီယက်ပြည်ထောင်စုသို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့ပြီးဆိုဗီယက်ပြည်ထောင် စုက ခေါင်းဆောင်ကြီးများဖြစ်ကြသည့် နီကီတာ ခရုရှက် နှင့် နီကိုလိုင်ဘူဂါနင်တို့သည်လည်းပဲ ၁၉၅၅ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့လာရောက်ခဲ့သည်။ ၁၉၆၀ပြည့်နှစ်တွင် ခရုရှက် နောက်တစ်ကြိမ်လာရောက်ခဲ့သေး သည်။ ၁၉၅၅ ခုနှစ်မှ ၁၉၆၀ ခုနှစ်အတွင်းနှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီမှုများ ရလာခဲ့ကြသည်။
ပြည်တွင်းစစ်တောက်လောင်နေသောမြန်မာနိုင်ငံသည် ဘဏ္ဍာရေးနည်းပါးနေပြီးအခြေခံအဆောက်အဦများ တည်ဆောက်ရန် ခက်ခဲနေချိန်လည်းဖြစ်သည်။ မြန်မာနိုင်ငံကဆန်စပါးများဆိုဗီယက်ပြည်ထောင်စုသို့တင်ပို့ပေး ခဲ့ပြီး ရန်ကုန်စက်မှုတက္ကသိုလ် ၊ ရန်ကုန်အင်းယားလိတ်ဟိုတယ် ၊တောင်ကြီးစဝ်စံထွန်း ဆေးရုံနှင့် ကျောက်ပန်း တောင်းအနီးရှိ ကြက်မောက်တောင်ဆည်ကဲ့သို့သော
အခြေခံအဆောက်အဦများကို ဆိုဗီယက်ပြည်ထောင်စုက တည်ဆောက်ပေးခဲ့သည်။ ရန်ကုန်မြို့တွင်ပရိသတ် ၈၀၀၀၀ ဆံ့ အားကစားကွင်းကြီးနှင့် အားကစားရုံများပါဝင် သည့်အားကစားပြိုင်ကွင်းတစ်ခုတည်ဆောက်ပေးရန် ဆိုဗီယက်ပြည်ထောင်စုကကမ်းလှမ်းခဲ့သော်လည်းကွန်မြူ မနစ်ဝါဒဆန့်ကျင်သော ဖဆပလ အမတ်များကကန့်ကွက်ခဲ့ကြသဖြင့် မတည်ဆောက်ဖြစ်ခဲ့ပေ။
၁၉၆၅ ခုနှစ်တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းဆိုဗီယက်သို့သွားရောက်လည်ပတ်ခဲ့သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း
စစ်အုပ်ချုပ်ရေးကာလများတွင်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအပေါ်ပြစ်ဒဏ်ချမှတ်ရန် မဲခွဲဆုံးဖြတ်မှုအားလုံးနီးပါးကို ရုရှားနှင့်တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံးပြီးပယ်ချလေ့ရှိပါ သည်။ ၂၀၂၁ ခုနှဏ်မတိုင်ခင်ကာလများတွင်တော့ ရုရှားနှင့် မြန်မာဆက်ဆံရေးကလက်နက်ဝယ်ယူရေးအပေါ် တွင်သာ အဓိကအခြေခံထားသော်လည်းမြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနှင့် ယူကရိန်းစစ်ပွဲကာလများ မှာတော့နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်လာခဲ့သည်။ ပြီးခဲ့သော စက်တင်ဘာ ၆ ရက်ကနေ စက်တင်ဘာ ၁၂
ရက်အထိ စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံသို့သွားရောက်ခဲ့ပြီး ရုရှားနိုင်ငံဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တို့အကြားရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး နားလည်မှုစာချွန်လွှာတစ်ရပ်ကိုစက်တင်ဘာ ၇ ရက်က ရုရှားနိုင်ငံရှိ ဗဟိုရွေးကောက်က်ပွဲကော်မရှင်ရုံး၌ လက်မှတ်ရေးထိုးခဲ့ကြောင်းမြန်မာ့ အလင်းသတင်းစာတွင်ဖော်ပြထားသည်။
တရုတ် – မြန်မာဆက်ဆံရေး
တရုတ် – မြန်မာ နှစ်နိုင်ငံဆက်ဆံရေးက ၁၉၄၉ ခုနှစ်တွင်စတင်ခဲ့ပြီး မြန်မာနိုင်ငံသည်တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ကို အသိအမှတ်ပြုခဲ့သည့် ဆိုရှယ်လစ်မဟုတ်သောပထမဆုံးနိုင်ငံဖြစ်သည်။ ၁၉၆၀ ခုနှစ်မှာတော့ မြန်မာ နိုင်ငံသည် တရုတ်နိုင်ငံနှင့်
နယ်နိမိတ်အငြင်းပွားမှုကို ပထမဆုံးဖြေရှင်းရသောနိုင်ငံ ဖြစ်လာခဲ့သည်။ ထိုနှစ်မှာပဲချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်မကျူးကျော်မှုဆိုင်ရာ သဘောတူစာချုပ်ကို ဘေဂျင်းနှင့်လက်မှတ်ရေးထိုးခဲ့ သောနိုင်ငံကလည်း မြန်မာနိုင်ငံပင်ဖြစ်သည်။
တရုတ်-မြန်မာဆက်ဆံရေးက ဆိုရှယ်လစ်နှင့် ဆိုရှယ်လစ်မဟုတ်သော နိုင်ငံများကြား“ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး” ၏ ဥပမာတစ်ခုဖြစ် လာခဲ့သည်။ ၁၉၅၄ ခုနှစ်တွင်တရုတ်နှင့်မြန်မာက “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးမူ ၅ ချက်” ကိုသတ်မှတ်ခဲ့ပြီး ထိုမူ ၅
ချက်က နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံမူများ ဖြစ်ခဲ့သည်။
နောက်ထပ် ၆ နှစ်အကြာမှာတော့ တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် နှစ်နိုင်ငံမကျူးကျော်ရေးစာချုပ်ကိုလက်မှတ် ရေးထိုးခဲ့သည်။ ၎င်းတွင် နှစ်နိုင်ငံအကြား ထာဝရငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရင်းနှီးမှုရှိသင့်သည်ဟု ပြဋ္ဌာန်းထား သည်။ ၁၀ နှစ်သက်တမ်းအထိ ချုပ်ဆိုခဲ့သောစာချုပ်အရတရုတ်နှင့်မြန်မာတို့က အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးပြီး အင်အားသုံးခြင်းမရှိဘဲဖြေရှင်းသွားမည်ဟု ကတိပြုခဲ့ကြသည်။ နောက်ပိုင်းတွင် တရုတ်နိုင်ငံက အလားတူစာချုပ်မျိုးကိုအာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယားတို့နှင့်လည်း ချုပ်ဆိုခဲ့သည်။
သို့သော် ၇ နှစ်အကြာမှာတော့ အဆိုပါ “စံပြဆက်ဆံရေး”က ပြိုလဲသွားခဲ့လေတော့သည်။ ၁၉၆၇ ခုနှစ်ရန်ကုန်မြို့ တွင်ဖြစ်ပွားခဲ့သော တရုတ်ဆန့်ကျင်ရေးဖြစ်ရပ်များက တရုတ်နှင့်မြန်မာကြားအရာရာအဆင်မပြေကြောင်း အချက်ပြခဲ့သည်။
မြန်မာနိုင်ငံသည် စစ်အေးကာလအတွင်း တရုတ်၊ အမေရိကန်တို့နှင့် တြိဂံဆက်ဆံရေးရှိခဲ့သလိုအလွန်ဂရုတစိုက်ရှိ ခဲ့သည့်အပြင် မျှတသောမူဝါဒကို ကျင့်သုံးခဲ့သည်။ ၁၉၅၀ ခုနှစ် အောက်တိုဘာ ၁ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ သော ပြည်ပရောက် တရုတ်လူမျိုးများအားတွေ့ဆုံမိန့်ခွန်းပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး Yao Zhongming ၏အမေရိကန်ဆန့်ကျင်ရေး သဘောထားမှတ်ချက်များအပေါ် မြန်မာအစိုးရက မကျေမနပ် ဖြစ်ခဲ့ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သိရှိခဲ့သည်။
၁၉၅၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက် သို့မဟုတ် ၁၉၆၁ခုနှစ်တွင် နိုင်ငံမြောက်ပိုင်းရှိ ကူမင်တန်တပ်များကို အမေရိကန်ကတိုက်ရိုက်ထောက်ပံ့လျက်ရှိနေကြောင်း မြန်မာအစိုးရက ကြေညာခဲ့ပြီးနောက်ပိုင်းအထိမြန်မာနိုင်ငံအနေဖြင့် အမေရိကန်ကိုဆန့်ကျင်ပြီး တရုတ်နှင့်ပေါင်းဖက်မည်ဆိုသောအစွန်းရောက်မူဝါဒမျိုးကို မည်သည့်အခါတွင်မျှ ချမှတ်ခဲ့ခြင်းမရှိပါ။ အလားတူပင် ၁၉၆၇ ခုနှစ်၊တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ဆက်ဆံရေးပျက်ပြားပြီးနောက် တရုတ်နိုင်ငံအား တွန်းလှန်ခဲ့သည့်တိုင်မြန်မာနိုင်ငံသည် အမေရိ ကန်နှင့်ပူးပေါင်းခဲ့ခြင်းမရှိပါ။
တရုတ်နိုင်ငံသည်လည်းပဲ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မကြာခဏဆိုသလို စိုးရိမ်စိတ်များရှိနေပြီးဘေဂျင်း၏ မြန်မာနိုင်ငံအပေါ် “နိုင်ငံရေးဦးတည်ချက်” ကလည်း အယုံအကြည်ကင်းမဲ့မှုသာ ဖြစ်၏။တရုတ်က မြန်မာနိုင်ငံကို မျက်နှာနှစ်ဘက်ရှိသည့် လွတ်လပ်သောအမျိုးသားရေးဝါဒီနိုင်ငံအဖြစ်သတ်မှတ်သည်။ မြန်မာနိုင်ငံသည် နယ်ချဲ့ စနစ်နှင့် ကိုလိုနီစနစ်ကို
ဆန့်ကျင်တော်လှန်လိုစိတ်ရှိသော်လည်း နယ်ချဲ့သမားများနှင့် မကြာခဏအပေးအယူ လုပ်လေ့ရှိသည်ဟုတရုတ်က ယုံကြည်သည်။
တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ တော်လှန်ရေးသီအိုရီအရ တော်လှန်သောပါတီဖြစ်စေ ၊တော်လှန်သောအစိုးရ ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံသည် ဆိုရှယ်လစ်ဟုတ်သည်ဖြစ်စေ သို့မဟုတ်မဟုတ်သည်ဖြစ်စေ၊ မြန်မာ့နိုင်ငံရေး ခေါင်း ဆောင်များဖြစ်ကြသော ဦးနုဖြစ်စေ ဦးနေဝင်းဖြစ်စေ၎င်းတို့ကို အမျိုးသားဓနရှင်လူတန်းစား၏ အစိတ်အပိုင်း အဖြစ် တရုတ်ကွန်မြူနစ်ပါတီကသတ်မှတ်ခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အမျိုးသားဓနရှင် လူတန်းစား၏အသွင်အပြင်ဘက်နှစ်ဘက်ရှိခဲ့ပြီး “စည်းလုံးမှု နှင့်ရုန်းကန်မှု” နှစ်ခုစလုံးရှိနေသည်ဟုတရုတ်ရှုထောင့်က ရှုမြင်ခဲ့ သည်။
ထို “ပဋိပက္ခ”များက မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုနှင့်ခြိမ်းခြောက်မှုပုံစံ ဖြစ်လာခဲ့သည်။ ယင်းကလည်းကွန်မြူ နစ်ဆန့်ကျင်ရေးနှင့် တရုတ်ဆန့်ကျင်သောနိုင်ငံဖြစ်လာပြီး အမေရိကန်ဘက်သို့မြန်မာနိုင်ငံကူးပြောင်းသွားမှာကို တားဆီးရန်ဖြစ်သည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံရှိအမေရိကန်စစ်ရေး လေ့ကျင့်မှုများအားလုံးကို တရုတ်နိုင်ငံ က သတိဝီရိယဖြင့် စောင့်ကြည့်ခဲ့သည်။ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးဖောက်လုပ်ခြင်းအပါအဝင် မြန်မာ နိုင်ငံကို အမေရိကန်ကအကူအညီပေးလာမည့်အပေါ် တရုတ်တို့ အထူးစိုးရိမ်ခဲ့သည်။ ထို့ပြင် ၁၉၅၆ ခုနှစ်တွင် ချူ အင်လိုင်း ကတရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလှမောင်အား (သတိပေးချက်အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုနိုင်သော) “အကယ်၍မြန်မာနိုင်ငံသည် အရှေ့တောင်အာရှစာချုပ်အဖွဲ့ (SEATO)သို့ဝင်ရောက်မည်ဆိုပါက နှစ်နိုင်ငံ ချစ်ကြည်ရေးက ရှိလာတော့မှာမဟုတ်ဘူး ” ဟုရှင်းရှင်းလင်းလင်းပြောကြားခဲ့ဖူးသည်။
မြန်မာနိုင်ငံတွင် လေးနက်သောနိုင်ငံရေးအပြောင်းအလဲများ ကြုံတွေ့ခဲ့သော်လည်း ၁၉၆၀ပြည့်လွန်နှစ်များအထိ မြန်မာနိုင်ငံအပေါ်ထားသော တရုတ်နိုင်ငံ၏ဝိရောဓိများ ပျောက်ကွယ်မသွားခဲ့ပါ။၁၉၆၂ ခုနှစ် ဦးနေဝင်း ခေါင်း ဆောင်သော စစ်အာဏာရှင်အစိုးရ အာဏာရလာပြီးနောက်မှာတော့မြန်မာစစ်အစိုးရသည် အာဏာရှင်သဘော သဘာဝကို ပြောင်းလဲတော့မည်မဟုတ်ဟုတရုတ်ကွန်မြူနစ်ပါတီက ယုံကြည်လာခဲ့သည်။ ၎င်းတို့အားလည်း “ဘူဇွာဗဟိုပြုများ” အဖြစ်တရုတ်ကသတ်မှတ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ကို စစ်မှန်သော“ဆိုရှယ်လစ်စနစ်”အဖြစ် အသိအမှတ်ပြုခဲ့ခြင်းမရှိပေ။ ထို့ပြင်ဦးနေဝင်း၏ နိုင်ငံတွင်း နိုင်ငံရေးဆောင်ရွက်ချက်များနှင့် စီးပွားရေး ဆောင်ရွက်ချက်များက တရုတ်နိုင်ငံဩဇာလွှမ်းမိုးမှုကိုအားနည်းစေခဲ့ပြီး ပြည်ပ ရောက် တရုတ်လူမျိုးများ၏ အကျိုးစီးပွားများကိုထိခိုက်နစ်နာစေခဲ့သောကြောင့် တရုတ်က မကျေမနပ်ဖြစ်ခဲ့ သည်။
တရုတ်နှင့်ပတ်သက်ပြီး ဦးနေဝင်း၏မူဝါဒမှာ “ဂရုစိုက်ရန်နှင့် မည်သူ့ကိုမျှမယုံကြည်ရန်” ဖြစ်ပြီးတရုတ်ကွန်မြူနစ် ပါတီကလည်း ၎င်းကို ဆက်လက်ထိန်းသိမ်းထားကာ “ဦးနေဝင်းသည်၎င်း၏ဇာတိအရပ်ကနေ ကွန်မြူနစ်ဝါဒကို တိုက်ခိုက်နေသောကြောင့် မိမိတို့နှင့်ဆက်ဆံရေးတွင်ဖော်ရွေရင်းနှီးမှုမရှိသော အပြုအမူများ ပြသလာလိမ့်မည်” ဟု တရုတ်ကွန်မြူနစ်ပါတီက
မျှော်လင့်ထားပြီးသားဖြစ်သည်။
အခြားတစ်ဘက်တွင်လည်း “ဦးနေဝင်းသည် မိမိတို့နှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းထားရန်ဆန္ဒရှိ နေသည်” ဟု တရုတ်အရာရှိများက ရေးသားခဲ့ကြသည်။ ဘေဂျင်းကရန်ကုန်အစိုးရကိုအလွယ်တကူ အရှုံးပေးလို စိတ်မရှိခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ဗျူဟာမြောက်ရပ်တည်ချက်က တရုတ်အတွက် အလွန် အရေးကြီးပြီးမြန်မာနိုင်ငံ၏ပြည်တွင်းအခြေအနေများ အပြောင်းအလဲက တရုတ်တို့အပေါ် အရေးပါသောအကျိုးသက်ရောက်မှုများရှိသောကြောင့်ဖြစ်သည်။
ရိုးရှင်းစွာဆိုရလျှင်တော့ ၁၉၆၂ ခုနှစ်တွင် အာဏာရလာသော ဦးနေဝင်း သည် အမေရိကန်လိုလားသောခေါင်း ဆောင်ဖြစ်ခဲ့သည်ထက် တရုတ်နိုင်ငံအတွက် ပိုမိုအကျိုးရှိခဲ့စေသည်ဟု တရုတ်နိုင်ငံဘက်ကခြုံငုံသုံးသပ်ခဲ့သည်။
ထို့အတွက်ကြောင့်လည်း တရုတ်ပြောသမျှယုံကြည်နေသော ဦးနေဝင်းအစိုးရကို တခြားသူများနှင့်ပူးပေါင်းမသွား ရန် တရုတ်ကွန်မြူနစ်ပါတီက သည်းသည်းလှုပ်ထောက်ခံခဲ့သည်။ အထူးသဖြင့်ဦးနေဝင်းအစိုးရကို ဖြုတ်ချပြီး နောက်ထပ်စစ်အာဏာသိမ်းမှုတစ်ခု သို့မဟုတ် ဦးနေဝင်းအစိုးရစီးပွားရေးကြပ်တည်းမှုများနှင့် ရင်ဆိုင်နေရချိန် များတွင် ဖြစ်သည်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် တရားမဝင်ငွေကြေးကြေညာခြင်းများ
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုတောင်းသောသမ္မတအစိုးရကာလတစ်ခု မြန်မာနိုင်ငံတွင်ရှိခဲ့သည်။ သို့သော်လည်း ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းခဲ့သောကြောင့် ထိုကာလကလေးရုတ်ချည်းပင် အဆုံး သတ်ရပ်တန့်သွားခဲ့ရသည်။ စစ်အာဏာသိမ်းပြီး နောက်ဆက််တွဲဆယ်စုနှစ်များအတွင်း အထီးကျန်ဆန်သော နိုင်ငံ ခြားရေးမူဝါဒနှင့် စီးပွားရေးထိန်းချုပ်မှုများဖြင့်မြန်မာနိုင်ငံကို စစ်တပ်က တင်းကျပ်စွာ အုပ်ချုပ်ခဲ့သည်။ အဆိုပါ အထီးကျန်ဆန်သောနိုင်ငံခြားရေးမူဝါဒကြောင့် နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှပ်နှံမှုများပြုလုပ်ရန် မက်လုံးပေးနိုင်ခြင်းမျိုး မရှိခဲ့ပေ။ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော“မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဝါဒ”ကို စစ်အုပ်စုကထူထောင်ခဲ့ပြီး မကြုံစဖူးသောစီးပွားရေးပျက်သုဉ်းမှုများ ဖြစ်ပေါ်လာခဲ့သည်။ (လက်ရှိမြန်မာ နိုင်ငံ၏အခြေအနေများမှာလည်း ထို့ထက်ဆိုးသောအခြေအနေမျိုးနှင့်ကြုံနေရသည်) ထို့ပြင် နိုင်ငံတကာအသိုင်း အဝိုင်းအားလုံးနီးပါးနှင့် အဆက်ပြတ်ကာ အထီးကျန်ခဲ့ရသည်။
နိုင်ငံခြားအကူအညီများအပေါ် ကန့်သတ်မှုတိုးမြှင့်ခြင်း၊ အဓိကကျသော စက်မှုစီးပွားလုပ်ငန်းများကိုပြည်သူပိုင် သိမ်းခြင်း နှင့် နိုင်ငံရပ်ခြားကုန်သွယ်မှုများအပေါ် တင်းတင်းကြပ်ကြပ်ချုပ်ကိုင်မှုများကြောင့် မြန်မာနိုင်ငံသည် စီးပွားရေးအရ အထီးကျန်ခဲ့ရသည်။ အင်္ဂလိပ်ပညာရေးကို အာဏာသိမ်းစစ်အုပ်စုက မူလတန်းကျောင်းများက ဖယ်ရှားခဲ့ပြီး အနောက်နိုင်ငံများသို့သွားရောက်ခွင့်နှင့် အနောက်နိုင်ငံများက ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခြင်း များကို ပိတ်ပင်ခဲ့သည့်အပြင် စာနယ်ဇင်းများအပေါ် ပြင်းထန်သောဆင်ဆာတည်းဖြတ်မှုများ ချမှတ်ခြင်းဖြင့် သဘောတရားရေးအရ မြန်မာနိုင်ငံကို ပိတ်ဆို့ထားခဲ့ကြသည်။
ဖော်ပြပါအကြောင်းအချက်များအပါအဝင် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော မြန်မာစစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာ့သမိုင်းတွင် ငွေစက္ကူများတရားမဝင်ကြောင်းကြေညာမှု ၃ ကြိမ်ဖြစ်ပွားခဲ့သည်။ ပထမ ဆုံးအကြိမ်က ၁၉၆၄ ခုနှစ် မေလ ၁၇ ရက်ဖြစ်ပြီး ဒုတိယအကြိမ်က ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်ဖြစ်သည်။ တတိယအကြိမ်ကြေညာချက်အရဖျက်သိမ်းခဲ့သော ၂၅ ကျပ် ၊ ၃၅ ကျပ် နှင့် ၇၅ ကျပ်တန်ငွေစက္ကူများကို ၁၉၈၅ ခုနှစ်တွင်ထုတ်ဝေခဲ့ပြီး ၁၉၈၇ ခုနှစ်တွင်
တရားမဝင်ကြောင်းကြေညာခဲ့သဖြင့် အဆိုပါငွေကြေးများ၏သက်တမ်းက ၂နှစ်နီးပါးမျှသာရှိခဲ့ပါသည်။
အဆိုပါငွေကြေးဖျက်သိမ်းမှုများကြောင့် တိုင်းပြည်၏ ငွေကြေးလည်ပတ်မှု ၈၉ ရာခိုင်နှုန်းကွယ်ပျောက်သွားခဲ့ သည်။ ပြည်သူများသုံးစွဲခွင့်မရှိတော့သည့် ငွေစက္ကူများအတွက် နိုင်ငံတော်ကောင်စီက မည်သည့်လျော်ကြေးမျိုး မျှ ပြန်လည် ပေးအပ်ခြင်းမရှိခဲ့ပေ။ ပြီးခဲ့သော
စက်တင်ဘာ ၅ ရက်သည် ၂၅ ကျပ် ၊ ၃၅ ကျပ်နှင့် ၇၅ ကျပ်တန်များကို နိုင်ငံတော်ကောင်စီကဖျက်သိမ်းခဲ့သည့် ၃၆ နှစ်ပြည့် နှစ်ပတ်လည်နေ့လည်းဖြစ်သည်။ ဦးနေဝင်းလက်ထက် ဖြစ်ပေါ်ခဲ့သော အထွေထွေအကြပ်အတည်းများက ၈၈၈၈ အရေးတော်ပုံကြီးပေါ်ပေါက်လာရန်အတွက် လောင်စာ များဖြစ်ခဲ့သည်။
မြန်မာ့ပြည်တွင်းစစ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလွတ်လပ်ရေးရပြီးနောက်ပိုင်းဖြစ်ပေါ်လာသော မြန်မာ့အရေးနှင့်ပတ်သက်ပြီးလေ့လာကြည့်လျှင်ဒီမိုကရေစီ အရေးပဋိပက္ခများနှင့်အတူ ပြည်တွင်းစစ်ပါ အတူယှဉ်တွဲကြီးပြင်းလာသည်ကိုတွေ့ရပေလိမ့်မည်။ ၁၉၄၈ ခုနှစ် နိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးခဲ့သည်။ သို့သော်လည်း ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းလိုက်ချိန်မှာတော့ဒီမိုကရေစီလမ်းကြောင်းက ပြောင်းပြန်လှန်သွားခဲ့တော့သည်။ နိုင်ငံအစွန်အဖျား တွင်နေထိုင်ကြသောတိုင်းရင်းသားလူနည်းစုများ၏ မကျေနပ်ချက်များက မတည်ငြိမ်မှုများ ကြီးထွားလာစေ ဖို့ရန်
လောင်စာများဖြစ်လာခဲ့သည်။ လူနည်းစုတိုင်းရင်းသားများထဲက များစွာသောလူမျိုးစုများသည်နိုင်ငံရေး လွတ်လပ်ခွင့်အတွက် အာဏာသိမ်းသူများနှင့် ထိပ်တိုက်ရင်ဆိုင်ရန်လက်နက်များကိုင်ဆောင်ခဲ့ရတော့သည်။
၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း မြန်မာနိုင်ငံသည်တင်းကျပ်သောစစ်အုပ်ချုပ်ရေးအောက်တွင် တံခါး ပိတ်နိုင်ငံဖြစ်ခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ခွဲထွက်အဖွဲ့သစ်များ ပဋိပက္ခတွင်ပါဝင်လာသောကြောင့်ပြည်တွင်းခြိမ်းခြောက်မှု ပိုမိုများပြားလာခဲ့သည်။
စစ်ပွဲအရှိန်မြင့်လာသည်အမျှ အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက၎င်းတို့လွတ်လပ်ရေးနှင့် ပတ်သက်ပြီး ဖက်ဒရယ်ဒီမိုကရေစီကို တောင်းဆိုခဲ့ကြသည်။ ၁၉၈၄ ခုနှစ်တွင်အမျိုးသားဒီမိုကရက်တစ်တပ်ဦး (NDF) ဟုလူသိများသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏မဟာမိတ်အဖွဲ့က တိုင်းရင်းသား ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ပြည်နယ်များနှင့်ဒီမိုကရက်တစ်မူဘောင်များအတွက် လူသိရှင်ကြားတောင်းဆိုခဲ့ကြသည်။ သို့သော် စစ်အာဏာရှင်များက ငြင်းပယ်ခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဆွေးနွေးရာတွင်လည်း “ဖက်ဒရယ်”ဆိုသောစကားလုံးသုံးစွဲခွင့် တားမြစ်ခဲ့သည်။ ၎င်းအသုံးအနှုန်းကို သုံးစွဲလျှင်ပင် ထောင်ဒဏ်များချမှတ် နိုင်သည် ဟု သိရသည်။
၂၀၁၁ ခုနှစ်တွင် စစ်တပ်က အရပ်သားအစိုးရထံသို့ ၎င်း၏အာဏာတချို့ပေးအပ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အမြန်ဆုံးစတင်နိုင်ရန် ဆောင်ရွက်ခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုများ က “ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်၏
အခြေခံမူဘောင်များပေါ်တွင်အခြေခံထားသည့် ပြည်ထောင်စုကို တည် ထောင်ရန်”အဆိုပြုထားပြီး
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ သဘောတူညီချက်က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား နိုင်ငံရေးဆွေးနွေးပွဲများအတွက် မူဘောင်တစ်ရပ်ကို ချမှတ်ထားပြီး ဖက်ဒရယ်ဒီမိုကရေစီအတွက် သီးခြားအချက်များညှိနှိုင်းရန်ပါရှိသည်။ ၂၀၁၅ ခုနှစ်တွင် အဖွဲ့ ၈ ဖွဲ့က သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈
တွင် နောက်ထပ်အဖွဲ့ ၂ ဖွဲ့ ပါဝင်လာခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်ကအာဏာသိမ်းယူလိုက်ပြီးနောက် မှာတော့ အဆိုပါနိုင်ငံရေးဆွေးနွေးပွဲများ ရပ်ဆိုင်းသွားတော့သည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ဆွေးနွေးမှုများ ကျိုးကြေသွားခဲ့ပြီးတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုသည်ကလည်း သေဆုံး သွားတော့သည်။ပြည်တွင်းသဘောထားကွဲလွဲမှုကို အမြစ်ဖြုတ်ပြီး နိုင်ငံကိုထိန်းချုပ်ရန်အတွက် မြန်မာစစ်တပ်က စတင်ခဲ့သော အကြမ်းဖက်မှုလှိုင်းသစ်က နိုင်ငံကို ရှော့ခ်ရစေခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။
*************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1970
YouTube- > https://youtu.be/9d5Epdhjm1M
Website -> https://thanlwinkhet.net/?p=5615