သံလွင်ခက်။
စက်တင်ဘာ ၁၅၊ ၂၀၂၃။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်( ခလယ်လွီထူခရိုင် )အား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း ၆ ရွာမှ ဒေသခံ ၅၂၉၅ ဦး ဘေးလွတ်ရာ ထွက်ပြေးနေရသည်ဟု KNU က ယနေ့တွင် ထုတ်ပြန်သည်။
ခလယ်လွီထူ (ညောင်လေးပင်) ခရိုင် တပ်မဟာ (၃)၊ မူး(မုန်း)မြို့နယ်အတွင်းရှိ ဟော်ခိုဂေါကျေးရွာ၊ မယ်တလင်ကျေးရွာနှင့် ဆင်းပုလဲကျေးရွာများကို စစ်ကောင်စီလေတပ်က စက်တင်ဘာလ ၁၄ ရက် နံနက် ၁ဝ နာရီ ၄၀ မိနစ်အချိန်တွင် ရဟတ်ယာဉ် ၃ စင်းဖြင့် ၁၃ ကြိမ်ခန့် ပစ်ခဲ့သည်ဟုဆိုသည်။
ကျေးရွာများအတွင်း စစ်ကောင်စီတပ်များက တပ်စွဲထားခြင်းကြောင့် ပျက်စီးဆုံးရှံးမှုစာရင်းအတိအကျကိုမှုကောက်ခံ၍ မရနိုင်သေးဟု KNU ကထုတ်ပြန်ထားသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟောခိုဂေါရွာ၊ ဝိုင်းကြီးရွာ၊ ဆင်းပုလဲရွာ၊ လူအရွာ၊ မယ်တလင်ရွာနှင့်ထွာနီကုန်းရွာရှိ အိမ်ခြေစုစုပေါင်း ၉၄၇ လုံးက လူဦးရေစုစုပေါင်း ၅၂၉၅ ဦး ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
မိုးတွင်းကာလဖြစ်သည့်အတွက် ရေကြီးရေလျှံမှုများကြောင့် ရန်မျိုးအောင်ကျေးရွာ နှင့် တမောကျေးရွာများကအိမ်ခြေစုစုပေါင်း ၃၆ လုံး ရေနစ်မြှုပ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ စစ်ဘေးနှင့်သဘာဝဘေးအန္တရာယ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူလူထုများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေရာထိုင်ခင်း အမိုးအကာများ စသည့် အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိပြီး ကူညီထောက်ပံ့ချင်သော ပြည်သူလူထုများအနေဖြင့် မုန်းမြို့နယ်၊ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ သို့မဟုတ် ကေအဲန်ယူ− သတင်းနှင့်ပြန်ကြားရေး ဗဟိုသို့ ဆက်သွယ်မေးမြန်ပြီး အကူအညီများပေးအပ်နိုင်ပါသည်ဟု KNU ကထုတ်ပြန်ထားသည်။
ပုံစာ − စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူလူထုများနှင့် ရေကြီးမှုကြောင့်နစ်မြုပ်နေသော နေအိမ်များမြင်ကွင်း။
Photo − ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1963
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5615