• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
  • မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»နွေဦးတော်လှန်ရေးသမိုင်းထဲက သာသနာ့သူရဲကောင်းများ
သတင်းဆောင်းပါး

နွေဦးတော်လှန်ရေးသမိုင်းထဲက သာသနာ့သူရဲကောင်းများ

thanlwinkhetBy thanlwinkhetAugust 14, 2023No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

Brian

အမျိုး ၊ ဘာသာ ၊ သာသနာ ဟူသည့်စကားလုံးဖြင့် ဘာသာရေးကိုအသုံးချကာ ခေတ်အဆက်ဆက်ကြွေးကြော် အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်တို့ ယနေ့တိုင်ကြောက်ရွံ့၍ ဖိနှိပ်ရန်ပစ်မှတ်ထားသည့်ထဲတွင် မတရားမှုကို ဓမ္မနှင့် ဆန့်ကျင်သော သာသနာ့သူရဲကောင်းများက ထိပ်ဆုံးမှ ပါဝင်နေဆဲဖြစ်သည်။
လက်ရှိ နွေဦးတော်လှန်ရေးတွင်လည်း အာဏာရှင်စနစ်ကိုဆန့်ကျင်သည့် သံဃာတော်များစွာ ထွက်ပေါ်ခဲ့သည်။ စစ်အာဏာရှင်အဆက်ဆက် လက်ထက်များကကဲ့သို့ပင် ထိုသံဃာတော်များကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းချိန်မှစပြီး စစ်ကောင်စီက ယနေ့တိုင် လိုက်လံဖမ်းဆီးထောင်ချမှုများ လုပ်ဆောင်လျက်ရှိနေပါသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ပြောင်းလေ့လာဆန်းစစ်လျှင် တော်လှန်ရေးတိုက်ပွဲများတွင် ဒင်္ဂါးပြားတစ်ခု၏ ခေါင်း နှင့်ပန်းကဲ့သို့ ပြည်သူနှင့်အတူ ယှဉ်တွဲပါဝင်နေသည့်အလွှာများရှိနေပြီး အကြမ်းဖျင်းအားဖြင့် သံဃာထုနှင့် ကျောင်းသားထုဟု ဆိုနိုင်ပါသည်။ မြန်မာ့နိုင်ငံရေးအချိုးအကွေ့တိုင်း ထိုအလွှာနှစ်ရပ်က အရေးပါသည့် အစိတ် အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်ခဲ့သည်ချည်းသာဖြစ်၏။

ပထမဆုံးသော တော်လှန်ရေးသမားသံဃာတော်
**********************************
လွတ်လပ်ရေးမရခင်အချိန်က ဝံသာနုရက္ခိတ ခေါ် တိုင်းပြည်ချစ်စိတ်နှင့် အမျိုးဂုဏ်စောင့်ထိန်းရေးတရားဟောကာ တော်လှန်ရေးတွင်ပါဝင်ခဲ့သည့် ဦးဥတ္တမသည် ခေတ်သစ်မြန်မာ့သမိုင်းတွင် အစောဆုံးပေါ်ထွက်လာခဲ့သည့် အကြမ်းမဖက်တော်လှန်ရေး သံဃာတစ်ပါး ဖြစ်သည်။
သူသည် ထိုစဉ်က မီးခဲပြာဖုံးဖြစ်နေသည့် မြန်မာလူမျိုးတို့၏ တစ်ပါးသူကျွန်ဘ၀မှ လွတ်မြောက်လိုစိတ်နှင့် အမျိုး သားရေးစိတ်ဓာတ်ဓာတ်များ နိုးကြားပြင်းပြလာရန် သူရိယသတင်းစာကဲ့သို့သော သတင်းစာများနှင့် ဟောပြောပွဲ များမှတဆင့် တပ်လှန့်နှိုးဆော်ပေးနိုင်ခဲ့သူလည်း ဖြစ်သည်။
ဦးဥတ္တမသည် အကြမ်းမဖက်သည့်နည်းလမ်းဖြင့် နိုင်ငံရေးတရားများဟောကြားရင်း လူထုနှင့်အတူ တိုက်ပွဲဝင်ခဲ့သည်။
ဦးဥတ္တမနည်းတူ လက်ရှိ နွေဦးတော်လှန်ရေးတွင်လည်း သံဃာတော်များက အကြမ်းမဖက် အာဏာဖီဆန်ရေး နည်းလမ်းဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ပြည်တွင်း ပြည်ပ နေရာစုံမှ တရားဟောတိုက်ပွဲဝင်လျက် ရှိနေကြသည်။

အကြမ်းမဖက် အာဏာဖီဆန်ရေး
**********************

မန္တလေးသံဃာသမဂ္ဂမှ ဆန္ဒပြ သံဃာတစ်ပါးအား ၂၀၂၁ ခုနှစ်အတွင်း တွေ့ရစဉ်
မန္တလေးသံဃာသမဂ္ဂမှ ဆန္ဒပြ သံဃာတစ်ပါးအား ၂၀၂၁ ခုနှစ်အတွင်း တွေ့ရစဉ်

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူလိုက်ပြီး ၉ ရက်မြောက်နေ့ ၊ နေ့ခင်း ၁ နာရီတွင် မြတောင်ကျောင်းတိုက် မုခ်ဦးကြီး၌ သံဃာများစုစည်းပြီး နောက်ဘက်ကနေ ဝန်းရံသည့် ပြည်သူတို့နှင့် အတူ သံဃာ့သပိတ်စထွက်ခဲ့ကြသည်။
“ပြည်သူလူထုတွေက မတရားမှုကိုငြိမ်မခံဘဲ ဆန္ဒထုတ်ဖော်နေတာမြင်ရတော့ ငါတို့လည်း ပြည်သူ့ ပစ္စည်း ၄ ပါးနဲ့ ရပ်တည်နေရတယ်။ မတရားအာဏာလုခံရတယ်ဆိုတာကို တို့လည်း သိတယ်၊ မြင်တယ်၊ ကြားနေရတယ်။ ဒါကြောင့် ကိုယ်နဲ့ မဆိုင်သလို နေလို့မဖြစ်ဘူး။ ပြည်သူနဲ့အတူ ပြည်သူ့ဘက်က ရပ်တည်မယ်ဆိုတဲ့ အတွေးကြောင့် သံဃာသပိတ်ကို စတင်ပါဝင်လာရခြင်း ဖြစ်ပါတယ်” ဟု မန္တလေး သံဃသမဂ္ဂမှ ဆရာတော်တစ်ပါးက ဆိုသည်။
မန္တလေးသံဃသမဂ္ဂသည် စစ်အာဏာရှင်ကို ရက်ပေါင်း ၄၀၀ ကျော်အထိ နေ့စဉ်မပြတ် ဆန့်ကျင်ဆန္ဒပြလာခဲ့သည့် သပိတ်စစ်ကြောင်းဖြစ်ရာ ယနေ့အချိန်အထိ သံဃာ ၁၀ ပါး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည်။
သံဃာတော်များအနေဖြင့် ထိုကဲ့သို့ ပြည်သူလူထုနှင့်အတူရပ်တည်ကာ အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာ တော်လှန် ခဲ့သော်လည်း ပေးဆပ်ရသည့်အကျိုးဆက်များက ခါးသီးလှပါသည်။ သာသနာပြုမင်းဟု မိမိကိုယ်မိမိခံယူပြီး ဘုရားတည် ၊ ကျောင်းဆောက်နေသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့်စစ်တပ်က အာဏာရှင် စနစ်ကိုဆန့်ကျင်သူ သံဃာများအပေါ် ထူးထူးခြားခြားသက်ညှာခြင်း မရှိခဲ့ပါ။ သံဃသပိတ်စစ်ကြောင်းများကို အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်။ ဘုရား၏သားတော်များဟု သတ်မှတ်ခံထားရသည့် သံဃာများကို ရိုက် နှက် နှိပ်စက်ခဲ့သည်။ ထို့ပြင် အတင်းအဓမ္မ လူဝတ်လဲစေကာ အကျဉ်းချသည့် ဖြစ်ရပ်များလည်း ရှိနေဆဲဖြစ်သည်။
ထိုသို့ သံဃာထုအပေါ် ရန်သူသဖွယ်ဖိနှိပ်ခဲ့သည့်လုပ်ရပ်များအား မန္တလေးသံဃသမဂ္ဂမှ ဆရာတော်များ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်။ အကြမ်းမဖက်လမ်းစဉ်ဖြင့် လမ်းလျှောက်သပိတ်ပြုလုပ်ပြီး လမ်းမများပေါ်တွင် ပြည်သူတို့၏ လိုလားချက်များကို ငြိမ်းချမ်းစွာတောင်းဆိုနေချိန် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရရုံသာမက ၎င်းတို့သီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်များပါ ဝင်ရောက်စီးနင်းခံခဲ့ရသည်။ ဆန္ဒပြပွဲများတွင်မပါဝင်သည့် ကျောင်းတိုက်နေ အခြားလူပုဂ္ဂိုလ် များ ဖမ်းဆီးခံရသည်များလည်း ရှိခဲ့သည်။
ဆန္ဒပြဆရာတော်များလည်းဖမ်းဆီးခံရကာ သက်ဆိုင်ရာကျောင်းတိုက်များလည်း ဝင်စီးခံရသည်။ ယင်းဖြစ်ရပ်များ နောက် ဆန္ဒပြသံဃာဦးရေနည်းပါးလာခြင်း၊ လုံခြုံရေးအရ သပိတ်စစ်ကြောင်းထွက်ရန် အဆင်မပြေတော့ခြင်း ကြောင့် လမ်းပေါ်တွင် သံဃသပိတ်ဟူ၍ သီးသန့်မထွက်ဖြစ်တော့ဘဲ မန္တလေး လူငယ်သပိတ်အင်အားစုများနှင့် ပေါင်း၍သာ သပိတ်လှုပ်ရှားမှုများ ဆက်လုပ်နိုင်တော့သည်။
သပိတ်တိုက်ပွဲနှင့် ပြည်သူဘက်မှရပ်တည်ခဲ့သည့် မန္တလေးသံဃသပိတ်စစ်ကြောင်းသည် စစ်ကောင်စီ၏ ၇ ကြိမ် တိုင် ဖြိုခွင်းခြင်းခံခဲ့ရသည်။ ဖမ်းဆီးခံသံဃာများကို စစ်ကောင်စီတပ်သားများက ညှင်းပန်းနှိပ်စက်ပြီး လူဝတ်လဲ စေကာ နိုင်ငံတော်ဆူပူအောင်လုပ်ဆောင်မှုဆိုသည့်ပြစ်ဒဏ်ဖြင့် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ စတင်ပြစ်ဒဏ် ပေးခဲ့သည်။
အာဏာသိမ်းကာလ နှစ်နှစ်ခွဲအတွင်း တော်လှန်ရေးကြောင့် သာသနာရေးနယ်ပယ်မှ ဖမ်းဆီးခံရသူ စုစုပေါင်း ၁၃၃ ဦး ရှိပြီး ထိုထဲတွင် သံဃာတော် ၁၁၃ ပါးပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဩဂုတ်လ ၁၁ ရက်အထိ ထုတ်ပြန်ထားသည့် စာရင်းအရသိရသည်။
“၁၅ နှစ် ကျသွားတဲ့ သံဃာတွေ ရှိတယ်။ ၁၅ နှစ်က တစ်ပါး၊ ၁၀ နှစ် တစ်ပါး၊ ၇ နှစ် တစ်ပါး၊ ကျန်သံဃာတွေက ၃ နှစ်ဆီ။ အခုချိန်ထိ အမှုရင်ဆိုင်နေရတဲ့သံဃာတွေလည်း ရှိနေတယ်။ လက်ရှိအချိန်မှာတော့ လွတ်မြောက်နယ်မြေ ရောက်သံဃာထုနဲ့ချိတ်ဆက်ပြီး စစ်အာဏာရှင်စနစ်ကို ဆက်တော်လှန်နေတယ်။ ဓမ္မနဲ့ ငြိမ်းချမ်းစွာ တော်လှန်တဲ့ စနစ်ပေါ့။ ပြည်သူလူထုကို အသိဉာဏ်ဖွင့်ဖြိုးအောင်လုပ်တယ်။ ပြည်သူလူထုရဲ့ အခက်အခဲတွေကို ဖြေရှင်းပေး တယ်။ ပြည်တွင်းမှာကျတော့ အခါကြီး ရက်ကြီးတွေမှာ ဆန္ဒပြတဲ့အခါ ဦးစီးဦးဆောင်နဲ့ ရှေ့ကထွက်တာ အမြဲတမ်း မြင်ရပါတယ်“ဟု မန္တလေး ၊ သံဃသမဂ္ဂမှ ဆရာတော်က ဆိုသည်။

အကြမ်းမဖက်နည်းနှင့် လက်နက်ကိုင်လမ်းစဉ်
**********************
လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးသည် အုပ်ချုပ်သူပြောင်းလဲရန်သာ ရည်ရွယ်သည် မဟုတ်ဘဲ စနစ်ကိုပါ ပြောင်းရန်ရည်ရွယ်သည့် တော်လှန်ရေးဖြစ်သည်။ ထို့အတွက် လက်နက်ကိုင်လမ်းစဉ်နှင့် အကြမ်းမဖက်လှုပ်ရှားမှု များ ဟန်ချက်ညီညီသွားရန်လိုသည်ဟု တကသ (တက္ကသိုလ်ကျောင်းသားများသမဂ္ဂ) ကျောင်းသားဟောင်းများ အင်အားစုမှ ကိုနန်းလင်း က ဆိုသည်။
လက်နက်ကိုင် လမ်းစဉ်နှင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလမ်းစဉ်သည် စစ်ကောင်စီကို အလဲထိုးနေသည့် ဘယ် လက်သီးနှင့် ညာလက်သီးသဖွယ်ဖြစ်ကာ လက်သီးချက်တိုင်း ဟန်ချက်ညီရန် လိုအပ်သည်။ အဆိုပါ လက်သီးချက် များဖြင့် စစ်ကောင်စီကို အလဲမထိုးနိုင်လျှင်ပင် လက်သီးချက်များဒဏ်ကို ဆိုးဆိုးရွားရွားခံရအောင် လုပ်ရန် လိုသည် ဟု ကိုနန်းလင်း က ခံယူထားသည်။
ကိုနန်းလင်းမှာ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းမဖက်သပိတ်လှုပ်ရှားမှုများနှင့် စစ်ကောင်စီကို တော် လှန်နေသော ထင်ရှားသည့် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။ စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ဆန္ဒပြပြည်သူများ မြန်မာနိုင်ငံအနှံ့ရှိ လမ်းမများပေါ်မှ ပျောက်ကွယ်စပြုလာချိန်တွင် ပြည်သူများ ညီညွတ်စွာ စစ်ကောင်စီကို တော်လှန်နေဆဲဖြစ်ကြောင်း ပြသနိုင်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ပြုလုပ်သော Silent Strike လှုပ်ရှားမှုပေါ်ပေါက်လာရန် ပြည်သူကို အဓိကလှုံ့ဆော်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
“ကျွန်တော်တို့က စနစ် ပြောင်းချင်တာ ဖြစ်တယ်။ ဆိုတော့ လူ့အဖွဲ့အစည်းကိုပုံဖော်ချင်တဲ့ စနစ်အတွက် အခု ကတည်းက စည်းရုံးဖို့ လိုတယ်၊ လှုံ့ဆော်ဖို့ လိုတယ်၊ ကျင့်ကြံနိုင်ဖို့လိုတယ်။ ဒါတွေကို Non-Violent နည်းနဲ့ သွား နိုင်မယ်လို့ ကျွန်တော် ယုံတယ်“ဟု သူက ဆိုသည်။
နွေဦးတော်လှန်ရေး ၂ နှစ်ခွဲ ရှိလာချိန်တိုင် စစ်ကောင်စီကို ဘေးကြပ်နံကြပ်ဘက်ပေါင်းစုံမှ ထိုးနှက်ထားနိုင်ခြင်းနှင့် တိုင်းပြည်ကို ၎င်းတို့ တည်ငြိမ်အောင် မကိုင်တွယ်နိုင်ခြင်းမှာ လက်နက်ကိုင်လှုပ်ရှားမှုနှင့် Non-Violent လှုပ်ရှားမှု နှစ်ခုကို ဟန်ချက်ညီ ပေါင်းစပ်ထားမှုကြောင့် ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ရှုမြင်ကြသည်။

ရွှေဝါရောင် တော်လှန်ရေး
*****************

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှ သပိတ်မှောက် သံဃာတော်များ
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှ သပိတ်မှောက် သံဃာတော်များ

ထိုသို့သော အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုများတွင် သံဃာတော်များ ဦးဆောင်ခဲ့သည့် ၂၀၀၇ ရွှေဝါ ရောင်တော်လှန်ရေးသည်လည်း တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခဲ့ရသည့် မြန်မာ့သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့ သည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လောင်စာဆီစျေးနှုန်းတိုးမြှင့်လိုက်ခြင်းမှစ၍ ဆွမ်းဒကာ ပြည်သူများ၏ ဆင်းရဲကြပ်တည်းမှုကြောင့် သံဃာများ လမ်းပေါ်ထွက်မေတ္တာပို့ရာမှ ပြည်သူများပါဝန်းရံခဲ့ကြပြီး ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပေါ်လာခဲ့သည်။
နေ့စဉ် လမ်းပေါ်ချီတက်ကာ မေတ္တာသုတ်ရွတ်ဆိုခဲ့သောသံဃာထုကို လူထုက ဝန်းရံကာကွယ်ခဲ့ကြသည့် မြင်ကွင်း နှင့် အသံတို့က တစ်တိုင်းပြည်လုံး ကြက်သီးထရသည်အထိ ဖြစ်စေခဲ့သည်။ အဆိုပါ ရွှေဝါရောင်လှုပ်ရှားမှုအပေါ် ထိုစဉ်က စစ်အစိုးရ၏ အကြမ်းဖက်ဖြိုခွင်းမှုလုပ်ရပ်များက တစ်နိုင်ငံလုံးရှိ ပြည်သူများဆီသို့သာမက ကမ္ဘာအထိပါ သိမြင်ရိုက်ခတ်ခဲ့သည်။ ထိုစဉ်က ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သံဃာအပါး ၈၀ ခန့်နှင့် အမျိုးသမီး ၁၄၉ ဦး (သီလရှင်များဟု ယုံကြည်ရသည်) တို့ကို စစ်အစိုးရမှ ဖမ်းဆီးခဲ့သည်ဟု ဖော်ပြခဲ့သည်။
ဦးဆောင်ဆရာတော်များ ၊ ထင်ရှားသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအပါအဝင် ရဟန်းပျိုများကိုပါ စစ်တပ်က အကြမ်းဖက်ဖမ်းဆီးထောင်ချခဲ့သည်။ ရန်ကုန်မြို့၊ ငွေကြာယံဘုန်းတော်ကြီးကျောင်း ဝင်ရောက်စီးနင်းခံရကာ သံဃာတော် ၅ ပါးအပါအဝင် အခြားနိုင်ငံရေးလှုပ်ရှားမှုဆောင်ရွက်သူ ၂၆ ဦး ၆ နှစ်မှ ၂၄ နှစ်အထိ ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ သံဃခေါင်းဆောင် ဦးဂမ္ဘီရကိုလည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၂ နှစ် အပါအဝင် စုစုပေါင်း ၆၈ နှစ်အထိ ချမှတ်ခဲ့သည်မှာ တော်လှန်ရေးဦးဆောင်သံဃာတို့၏ သမိုင်းဖြစ်ခဲ့ရသည်။

နွေဦးတော်လှန်ရေး
*************
သံဃာများသာမက၊ မတရားမှုကို ဓမ္မနှင့် ဆန့်ကျင်ဖော်ပြမှုများတွင် မန္တလေးမြို့ပေါ်သပိတ်စစ်ကြောင်းများ၌ သီလရှင်ဆရာလေးများလည်း ပါဝင်ခဲ့သည်။ သံဃသပိတ်ကဲ့သို့ ရက်ဆက်သပိတ်စစ်ကြောင်းထွက်ခဲ့သည်တော့ မဟုတ်။ သို့ရာတွင် တော်လှန်ရေးကာလ ၂ နှစ်ကျော်ကြာလာသည့် ယနေ့တိုင် ဆရာလေးများမှာ ကန့်လန့်ကာ နောက်ကွယ်မှ တော်လှန်ရေးခွေးသွားစိတ်များအဖြစ် အာဏာရှင်ကိုတော်လှန်နေဆဲ ဖြစ်သည်။ ဒေသတွင်းမှ စစ်ဘေးရှောင်များကို သူတို့သီတင်းသုံးရာကျောင်းများတွင် စောင့်ရှောက်ထားသည်။ အမျိုးသမီးငယ်များကို သီလရှင်ဝတ်ဖြင့်၊ အချို့ကို လူဝတ်ဖြင့် လက်ခံထားသည်။ လွတ်မြောက်ဒေသများသို့သွားခွင့်မသာသည့် CDM များအတွက် သီလရှင်ကျောင်းများက နားခိုစရာလည်း ဖြစ်ခဲ့သည်။
“ဒီတော်လှန်ရေးမှာ သံဃာတွေလိုပဲ ဆရာလေးတွေလည်း အများကြီးပါဝင်နေတယ်။ ဥပမာအားဖြင့် ကျေးလက် ဒေသတွေမှာ စစ်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ကလေးတွေ ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကို လက်ခံစောင့်ရှောက်ပေးရတာမျိုးတွေ ရှိတယ်။ ဒါတွေသည် တစ်နည်းအားဖြင့် တော်လှန်ရေးမှာ ပါဝင်ပတ်သက် နေကြတာပါ“ဟု စစ်ကိုင်းတိုင်း တော်လှန်ရေးဒေသတစ်ခုမှ သီလရှင်တစ်ပါးက ပြောသည်။

ပြည်သူနဲ့ အတူ
**********
နွေဦးတော်လှန်ရေးကာလတွင် ပြည်သူနှင့်အတူရပ်တည်ကာ အာဏာရှင်ကို အကြမ်းမဖက်လမ်းစဉ်ဖြင့် တော်လှန် ခဲ့သည့် နာမည်ကျော်ဆရာတော်များထဲတွင် မကြာသေးမီက ကွယ်လွန်ခဲ့ပြီဖြစ်သည့် မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသ လည်းပါဝင်သည်။ စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်တွင် ဖမ်းဆီးခံရသော မြ၀တီမင်းကြီးဆရာတော်သည် ပြည်သူလူထုကို ဓမ္မ ၊ အဓမ္မ ခွဲခြားသိမြင်စေလျက် အဓမ္မကို တွန်း လှန်ကာ ဓမ္မနှင့်အညီသာ ကျင့်ကြံနေထိုင်စေရေး လမ်းညွှန်မှုပြု၍ ကိုယ်တိုင်လည်း ဓမ္မနှင့်အညီ ရပ်တည်ခဲ့သူဟု ထင်ရှားသည်။

စစ်အာဏာရှင်ကို တော်လှန်ရင်း လွတ်မြောက်နယ်မြေတစ်နေရာတွင် ပျံလွန်တော်မူခဲ့သည့် မြဝတီမင်းကြီးဆရာတော်၏စျာပန
စစ်အာဏာရှင်ကို တော်လှန်ရင်း လွတ်မြောက်နယ်မြေတစ်နေရာတွင် ပျံလွန်တော်မူခဲ့သည့် မြဝတီမင်းကြီးဆရာတော်၏စျာပန

သူသည် စစ်အာဏာရှင်တို့၏ ကိုယ်ကျိုးရှာဖိနှိပ်အနိုင်ကျင့်မှုများကိုခံနေရသူ ပြည်သူတို့ရှေ့မှ ရပ်တည်ကာကွယ် ပေးခဲ့သောကြောင့် ခေတ်အဆက်ဆက် စစ်တပ်၏မျက်မုန်းကျိုးခံခဲ့ရသူလည်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် ၊ ဩဂုတ်လ တွင် ထောင်မှပြန်လည်လွတ်မြောက်လာသည့်နောက်ပိုင်း ဆရာတော်သည် ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့တွင် သီတင်းသုံးနေထိုင်ရင်း စစ်အာဏာရှင်စနစ်ဖြုတ်ချနိုင်ရေး ကြိုးပမ်းမှုများတွင် ပြည်သူလူထုနှင့် တစ်သားတည်း တစိုက်မတ်မတ် ဆက်လက်ရပ်တည်ခဲ့သည်။
မြဝတီမင်းကြီးဆရာတော်အပါအဝင် ခေတ်အဆက်ဆက် ဓမ္မလှုပ်ရှားမှုများတွင် ပြည်သူများအပေါ် ဩဇာကြီးခဲ့ သည့် ရွှေညဝါဆရာတော် ဦးပညာသီဟ ၊ ဦးသောဘိတ (အလင်္ကာကြယ်) နှင့် ဦးတေဇနိယ (မန္တလေးတောင်ခြေ) တို့ကိုလည်း အာဏာသိမ်းပြီးနောက်ရက်မှာပင် စစ်ကောင်စီက ကျောင်းတိုက်များတွင် သွားရောက်ဖမ်းဆီးခဲ့သည်။
“လူတွေဆိုတာက ဒီသံဃာတွေ ပါလာရင် အားကိုးရာ ဖြစ်တယ်။ အားထားရာ ဖြစ်တယ်။ နောက်တစ်ခုက သူတို့ရဲ့ လုပ်ဆောင်ချက် လုပ်ငန်းကိုလည်း ယုံကြည်မှု ရှိတယ်။ အဲဒါကြောင့်မို့လည်း သံဃာတွေကို ပါစေချင်တယ်။ ကျရာ ကဏ္ဍကနေမှ။ ဘာလို့လဲဆိုရင် သူတို့အားကိုးတဲ့ ဘာသာတရားက သူတို့ကို ပြန်ပြီးတော့ စောင့်ရှောက်တယ်။ ကြည့်ရှုတယ်။ မ, စတယ်ဆိုပြီးတော့ ခံယူချင်တယ်“ဟု စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးမှုကြောင့် လွတ်မြောက် နယ်မြေသို့ တိမ်းရှောင်နေရသည့် သံဃာတစ်ပါးကဆိုသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း သံဃာအချို့မှာ ပြည်သူကိုမျက်နှာမူကာ အတူရပ်တည်နေသည့် အချက်က ပြည်သူကိုအားဖြစ်စေခဲ့သည်။ ထို့ပြင် နွေဦးတော်လှန်ရေးတွင် ပါဝင်ရပ်တည်နေသည့် သံဃာတော်များ ကြောင့် ဘာသာရေးနှင့်ပတ်သက်၍ လွဲမှားနေသည့် အယူအဆအချို့ကို ယခင်ကထက် ပြည်သူများက ပိုမေးခွန်း ထုတ်ရဲလာကြသည်။ မေးခွန်းထုတ်နိုင်ရန်လည်း သံဃာတော်များကိုယ်တိုင်က လမ်းဖွင့်ပေးကြသည်။ အာဏာရှင် ကို အကြမ်းမဖက်တော်လှန်နေသည့်သံဃာထု၏ ဓမ္မဓိဋ္ဌာန်ကျသောအဆုံးအမများက ဘာသာရေးနှင့် ပတ်သက်၍ ခေတ်အဆက်ဆက် စစ်တပ်၏ဝါဒမှိုင်းအောက်တွင်ရှိခဲ့သောပြည်သူတို့ကို အတွေးအခေါ်ဟောင်းများမှ လွတ် မြောက်လာစေခဲ့ပါသည်။
သို့ရာတွင် ၅ သိန်းနီးပါးရှိသည့် သံဃာထုနှင့် နှိုင်းယှဉ်ပါက နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် သံဃာအရေ အတွက်က နည်းပါးနေသေးသည်။ ထေရ်ကြီးဝါကြီးရဟန်းများနှင့် အများစုသောသံဃာထုမှာ ပြည်သူ့ဆန္ဒနှင့် ဆင်းရဲဒုက္ခများကိုမျက်ကွယ်ပြုကာ အာဏာရှိသူများထံမျက်နှာမူနေကြသည်။ ယခုအခါ လူ့အဖွဲ့အစည်းက သီတဂူ ဆရာတော်အပါအဝင် ထိုကဲ့သို့သော ရဟန်းသံဃာများကို ရှေ့ကထက် ပိုမို မေးခွန်းထုတ်လာကြပြီ ဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းက တကယ့်ကို အင်အားကြီးတယ်။ နောက် လွှမ်းမိုးမှု များတယ်။ နိုင်ငံက ဗုဒ္ဓဘာသာ သွတ်သွင်းခံထားရတယ်။ သံဃာတွေရဲ့ ပါဝင်မှုကလည်း နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးမှာ ပြောင်းလဲမှု ကို အများကြီးသက်ရောက်မှုရှိစေပါတယ်။ ဒီကာလမှာ သံဃာအသိုင်းအဝိုင်းက ထဲထဲဝင်ဝင် ပါဝင်နေတာ တွေ့ရ တယ်။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းက စလို့ပေါ့နော်။ သံဃာတွေရဲ့ နိုင်ငံရေးနိုးကြားမှုက ငြင်းဆိုလို့မရအောင် ကြီးမားတယ်။ ဒါပေမယ့် သံဃာအဖွဲ့အစည်းအတွင်းမှာလည်း တော်လှန်ရေး လိုအပ်နေပါတယ်။ ဒီတော်လှန်ရေး ကတဆင့် တကယ်ကို အခြေခံကျတဲ့ အပြောင်းအလဲတွေ ရောက်လာမယ်လို့ ကျွန်မတော့ယုံကြည်တယ်“ ဟု တက် ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည် ကဆိုသည်။
အကြမ်းမဖက်သောနည်းသည် စိတ်ဓာတ်ခွန်အားကိုဖြစ်စေသည်ဟု သာသနာ့သူရဲကောင်းများသာမက ဒီမိုကရေစီ လိုလားသူ ပြည်သူတစ်ရပ်လုံးကပါ အပြည့်အ၀ယုံကြည်ထားကြသည်။ အကြမ်းမဖက်သောနည်းဖြင့် ငြိမ်သက်စွာ တော်လှန်နေသူများ၏ ရပ်တည်ချက် ၊ ယုံကြည်ချက်အင်အားများကြောင့် လက်နက်ကိုင် တော်လှန်နေသူများ လည်း ခွန်အားအပြည့်ဖြင့် ဆက်လက်တော်လှန်နေနိုင်သည်ဟု အယူအဆများလည်း ရှိကြသည်။
ထို့ကြောင့်ပင် အာဏာရှင်အဆက်ဆက် တိတ်ဆိတ်မှုကိုပိုတုန်လှုပ်ကြသည်။ တိတ်ဆိတ်စွာ အကြမ်းမဖက် တော်လှန်နေသူများကို ပိုမိုကြောက်ရွံ့ကြသည်။ အမျိုး ၊ ဘာသာ ၊ သာသနာကို လက်ကိုင်စွဲကာ ဘုရားဒကာ ကျောင်းဒကာအဖြစ် ပြည်သူများယုံကြည်အောင် ဘာသာရေးအသုံးချပြီး အာဏာတည်မြဲရန် ကြိုးစားနေရင်းကပင် သာသနာ့သူရဲကောင်းများကို ဖမ်းဆီးနှိပ်စက်ကာ အကြမ်းဖက်မှုများလည်း မရပ်မတန့် လုပ်ဆောင်နေသည့် လုပ် ရပ်က သက်သေပြလို့နေသည်။
ထိုသို့ စစ်ကောင်စီ၏ဖိနှိပ်မှုများကြားကပင် အာဏာသိမ်းမှုကိုလက်မခံသည့် သံဃာတော်များ၏ ကျောင်းတိုက်များ အတွင်း ငြိမ်းချမ်းစွာဆန္ဒပြသည့် ပရိတ်ရွတ်သံ ၊ မေတ္တာသုတ်ရွတ်သံများမှာ ယနေ့တိုင်အောင်ပင် ပျံ့နှံ့နေဆဲဖြစ်သည်။

***************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1779
YouTube- > https://youtu.be/JQL2vfsZBeU
Website -> https://thanlwinkhet.net/?p=5274
Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလက်ခတ်တောင်ပြန်ရဖို့ စစ်ကောင်စီ ၁၀ ကြိမ်ထိုးစစ်ဆင် ၊ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၇ ဦးသေဆုံး
Next Article မြဝတီမြို့အနီး၌ ပြင်းထန်တိုက်ပွဲဖြစ်ပွားနေ
thanlwinkhet
  • Website

Related Posts

မူးယစ်ဆေးဝါးနဲ့ ပိုယဉ်ပါးလာတဲ့ မြို့

April 28, 2025

ပဋိပက္ခကြားက ကလေးတွေရဲ့ ပညာရေး ခရီးကြမ်း

April 27, 2025

ငလျင်က မြန်မာ့ပြည်တွင်းစစ်ရဲ့ဟန်ချက်ကို ပြောင်းလဲနိုင်သလား

April 24, 2025

Leave A Reply Cancel Reply

Recent Posts

  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

May 22, 2025

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

May 22, 2025

နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

May 22, 2025

နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို

May 22, 2025

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

May 21, 2025

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

May 21, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.