သံလွင်ခက်
ဩဂုတ် ၉၊ ၂၀၂၃။
တိုက်ပွဲများပြင်းထန်နေသည့် ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်အတွင်းကို စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်ထားသည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက် နေ့လယ်ပိုင်းအချိန်ကစပြီး အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
” နေ့လယ်ပိုင်းကစပြီး ပြတ်သွားတာ ဒီနေ့အထိပဲ။ မိုင်တဲလ်ဝိုင်ဖိုင်စက်ကလွဲပြီး တခြား ဘယ်ကဒ်တွေမှ လိုင်းမရတော့တာ ” ဟုဆိုသည်။
ဇူလိုင်လ တတိယပတ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီကြားဖြစ်ပွားခဲ့သည့် ကျောက်တံခါးမြို့နယ် နံဇကျေးရွာအနီးတိုက်ပွဲစတင်ချိန်မှ ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ ထို့ပြင် ပိန်းဇလုတ်အခြေစိုက် စစ်ကောင်စီ ခမရ ၂၆၄ တပ် ၊ ကျောက်တံခါးမြို့နှင့် သူဌေးကုန်းတို့တွင်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်တံခါးမြို့နယ်အတွင်းကို နေ့စဉ် လက်နက်ကြီးပစ်မှုများလုပ်ဆောင်နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။
ယနေ့ နေ့လယ်ပိုင်းကလည်း ကျောက်တံခါးမြို့နှင့် သူဌေးကုန်းတို့တွင် တပ်စွဲနေသည့် ခမရ ၂၆၄ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်တံခါးမြို့နယ် အရှေ့ဘက်ရှိ သမင်အင်းကုန်းကျေးရွာ အနီးတစ်ဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေ့တွင် ပိန်းဇလုတ်အခြေစိုက် စစ်ကောင်စီ ခမရ ၂၆၄ တပ်မှ တပ်ဖွဲ့ဝင်များသည်ကျောက်တံခါးမြို့တွင်အထိုင်ချကာ သမင်အင်းကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ သည်။
ယင်းဖြစ်စဉ်ကြောင့် အသက် ၁၆ နှစ်အရွယ် သမင်အင်းကုန်းမှ ဆယ်တန်းကျောင်းသူတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က လက်နက် ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေမှုကြောင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ နံဇ၊ တလိုင်းခင်၊ ချောင်းဝ၊ ဖိုးတ၊ သမင် အင်းကုန်း၊ကျွဲတလင်းနှင့် ဇီးကုန်း စသည့်ကျေးရွာများမှ ဒေသခံထောင်ချီလည်းစစ်ဘေးရှောင်နေရသည်။
******************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1745
YouTube- > https://youtu.be/Pbe2cix7VKg
Website -> https://thanlwinkhet.net/?p=5212
Website ->https://eng.thanlwinkhet.net