ယမင်းဖူးပွင့်အောင်
ဇွန် ၇၊ ၂၀၂၃။
စစ်ကောင်စီ လေကြောင်းအန္တရာယ်ကြောင့် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ကျင်းရွာအုပ်စုအတွင်းရှိရွာပေါင်း ၉ ရွာမှ ဒေသခံ ၄၀၀၀ခန့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နေ့လယ်၃နာရီခန့်တွင် ကျင်းရွာအုပ်စု၊ ဆင်ထိုးကျေးရွာအနီးတဝိုက်သို့ စစ်ကောင်စီက Mi 35ရဟတ်ယာဉ်တစ်စီးဖြင့် မိနစ်လေးဆယ်ခန့်လှည့်ပတ်ပစ်ခဲ့သောကြောင့် နေအိမ်နှစ်လုံး ပျက်စီးခဲ့ရသည်ဟုဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ဘာတိုက်ပွဲမှလည်းမဖြစ်ဘဲ အကြောင်းမဲ့လာပစ်တာ ကင်းထောက်လေယာဉ်အရင်ဝဲတယ်။ ရွာအရှေ့ဘက်ကွင်းပြင်ကို လက်နက်ကြီးနဲ့အချက်သုံးဆယ်လောက်ပစ်တယ်။ရွာထဲကိုလည်း စက်သေနတ်တွေနဲ့ပစ်သွားတယ်“ဟု ဆိုသည်။
လက်နက်ကြီးပစ်ခဲ့ပြီးနောက် ဆင်ထိုးရွာအရှေ့ဘက်ကွင်းပြင်တွင် တစ်တောင်ခန့်နက်သည့် ကျင်း၃၀ခန့် တွေ့ရသည်ဟု ၎င်းကဆက်ပြောသည်။
အဆိုပါ လေကြောင်းပစ်မှုကြောင့် ဆင်ထိုးရွာနှင့် အနီးနားက ရွာ ၈ရွာမှ ရွာခံပြည်သူများသည် ရွာထဲတွင်မနေရဲကြတော့ဘဲ နီးစပ်ရာတောထဲတွင် တိမ်းရှောင်နေကြရသည်ဟု ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“မနေ့ညကတည်းက ရွာထဲမှာမအိပ်ရဲကြတော့ဘူး။ ရွာလုံးကျွတ်တွေ ရှောင်နေကြရတာပါ။ ကျွန်တော်တို့ရဲဘော်တွေလည်း အင်တာနက်လိုင်းရတဲ့နေရာတွေကနေ လေကြောင်းသတင်းကို နားစွင့်နေကြရတယ်။ မနေ့က Mi35ကမုံရွာနမခ(အနောက်မြောက်ပိုင်းစစ်ဌာနချုပ်) ကလာတာလို့သိရတယ်“ဟု ၎င်းက ပြောသည်။
ယနေ့နံနက်ပိုင်းတွင်လည်း အဆိုပါရွာများအနီးတဝိုက်သို့ စစ်ကောင်စီ ကင်းထောက်လေယာဉ် ပျံဝဲလျက်ရှိပြီးဒေသခံများ စိုးရိမ်မှုမြင့်တက်နေသည်။
မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် လေတပ်စခန်းမှ ထီးလင်းမြို့နယ်အတွင်းသို့ Mi35 ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်မည်ဆိုပါက ၄၅မိနစ်ဝန်းကျင်ခန့် ကြာမြင့်သည်ဟုလေတပ်CDMအရာရှိသူများက သုံးသပ်ထားသည်။
အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၄၂၇ ကြိမ်ပြုလုပ်ခဲ့သည်ဟု လွပ်လပ်သောသုတေသနအဖွဲ့ Nyan Linn Thit Analytica စစ်တမ်းကဖော်ပြသည်။
ပုံစာ– လေကြောင်းပစ်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်။
Photo – ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1358
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5016
Website ->https://eng.thanlwinkhet.net