ဇွန် ၈ ၊ ၂၀၂၃။
သံလွင်ခက်။
ကရင်အမျိုးသားအစည်းအရုံး KNUတပ်မဟာ ၃ နယ်မြေ၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ( ခလယ်လွီထူခရိုင်) အတွင်းရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသော နေရာ (၅) ခုအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A) တပ်မဟာ (၃) လက်အောက်ခံပူးပေါင်းတပ်ဖွဲ့တို့က တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခဲ့သည်ဟု KNU က ယနေ့တွင် ထုတ်ပြန်သည်။
ဇွန်လ (၆) ရက်နေ့ နံနက် (၄) နာရီမှ (၇) နာရီအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ(၃) လက်အောက်ခံပူးပေါင်းတပ်ဖွဲ့က ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ( ခလယ်လွီထူခရိုင်) တပ်မဟာ (၃)၊ မုန်းမြို့နယ် ( မူးမြို့နယ် ) နှင့်ကျောက်ကြီးမြို့နယ် ( လယ်ဒိုမြို့နယ် ) အတွင်းရှိ စစ်ကောင်စီတပ်များတပ်စွဲထားသော နေရာ (၅)ခုအားတစ်ပြိုင်နက်တည်း တိုက်ခဲ့သည်ဟုဆိုသည်။
ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ နတ်သံကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံတားထိပ်ရှိရဲနှင့်ပူးပေါင်းတပ်စခန်း(တံတားအရှေ့ကင်း)အပါအဝင် ကွင်းချောင်းဝအရှေ့ခြမ်းရှိတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်စခန်း (တံတားအနောက်ကင်း) နှင့် ဘုံသတောစခန်း စသည့် နေရာ ၅ နေရာကို ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စစ်ကောင်စီတပ်များ ၏ ထောက်ပို့ လမ်းကြောင်းများဖြစ်သည့် နတ်သံကွင်းတံတား၊ အုန်းနဲပင်နှင့် နယွဲပင်ကြားရှိ တံတား၊ သာစည်နှင့်တာဆုံကြားရှိ တံတား (၃) စင်းကိုလည်း ချိုးဖျက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀)ဦး သေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၃) လက်အောက်ခံပူးပေါင်းတပ်ဘက်မှ (၄)ဦးကျဆုံးခဲ့ပြီ(၁၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်အသုံးအဆောင် G3-၁လက်၊ MA1-၁လက်၊ MA3-၁လက်၊ MA4-၁လက်၊MAကျည်တောက်–၁၀ခု၊ MAကျည်–၃၈၄တောင့်၊ M16ကျည်ဘောက်–၁ခု၊ ယူနီဖောင်း–၆စုံ၊ M14မိုင်း–၆၀လုံး၊အပါအဝင် မိုင်းရှာစက်များလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။
စခန်းများ အတိုက်ခံရပြီးနောက် နံနက်အစောပိုင်းတွင် ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်၊ တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်ဖြင့် (၆) ကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၉)ကြိမ် ခန့်ပြုလုပ်ခဲ့ပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိကျေးရွာများ အတွင်းသို့ ယခုအချိန်အထိ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်နေသည်ဟု ဒေသခံများထံကသိရသည်။
လက်နက်ကြီး ပစ်ခတ်မှုနှင့် တိုက်ပွဲများကြောင့် ကျောက်ကြီးမြို့နယ် ( လယ်ဒိုမြို့နယ် ) ရှိ နတ်သံကွင်း၊ ဒေါင်းမို့၊တောကြောင်ပေါက်၊ ဝါးပင်စု၊ သောင်ပု စသည့်ကျေးရွာများအပါအဝင် မုန်းမြို့နယ် ( မူးမြို့နယ် ) ရှိ ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းလေး၊ ဥသျှစ်ခင်၊ အုန်းပင်စု၊ သပြေကုန်း စသည့်ကျေးရွာများမှ ဒေသခံ (၄၅၀၈) ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေရသည်။
ထို့နောက် ဇွန်လ ၇ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်သည် နတ်သံကွင်းမြို့ထဲရှိ ၄ ရပ်ကွက်၊ ၃ရပ်ကွက်၊ ၁ ရပ်ကွက်၊ ရဲစခန်း၊ စာသင်ကျောင်းဟောင်းအပါအဝင် တံခွန်တိုင်ရပ်ကွက်တွင် အင်အားဖြန့်တင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်များသည် တံတားနှင့် ရဲစခန်းအနီးရှိ နတ်သံကွင်း (၂)၊ (၃)၊ (၆) ရပ်ကွက်ရှိ ပြည်သူများကိုရပ်ကွက်များအတွင်းမှ ရွှေ့ပြောင်းမှုများလုပ်ဆောင်ခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ − စစ်ကြောင်း ပျက်စီးခဲ့သည့် နတ်သံကွင်း စစ်တောင်းမြစ်ကူးတံတားနှင့် ထွက်ပြေး တိမ်းရှောင်နေရသည့်စစ်ဘေးရှောင်ပြည်သူများ။
သတင်းအရင်းအမြစ်− ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1359
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5021
Website ->https://eng.thanlwinkhet.net