ကောင်းချစ်အောင်
ဇွန် ၇၊ ၂၀၂၃။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ တပ်ရင်း၁၁၀၅နှင့် ၁၁၀၇မှ ရဲဘော်၁၂ဦးသည် လူမျိုးရေးခွဲခြားခံရမှုကြောင့် လက်နက်များယူဆောင်ကာ ထွက်ပြေးသွားကြောင်း စစ်ကောင်စီဘက်မှ သတင်းမှားဖြန့်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
အဆိုပါတပ်ရင်းနှစ်ခုမှ ရဲဘော် ၁၂ဦးသည် M-22 တစ်လက်၊ M-16 နှစ်လက်၊ ပွိုင့်၂၂စနိုက်ပါ သုံးလက်၊ M-40 တစ်လက် စုစုပေါင်းခုနစ်လက်ယူဆောင်ကာ မော်တော်ယာဉ်ဖြင့် မေလ၃၁ရက်ညနေပိုင်းတွင် ဖယ်ခုံမြို့နယ် ဆီဘူးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားပြီး KNDFကလိုက်လံဖမ်းဆီးနေသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားခြင်းဖြစ်သည်။
“ကျွန်တော်တို့တပ်ရင်း၂ခုမှာ ရဲဘော်တွေထွက်ပြေးတာမျိုးမရှိဘူး။ စစ်ကောင်စီဘက်က သတင်းစဖြန့်တုန်းကတခြားတပ်ရင်းတွေကလို့ထင်ပြီး စုံစမ်းကြည့်တော့ အဲလိုဖြစ်စဉ်မျိုးလုံးဝမရှိခဲ့ပါဘူး“ဟု အမှတ် ၁၁၀၇ တပ်ရင်းယာယီပြန်ကြားရေးတာဝန်ခံ ကိုဇီးရိုးက ပြောသည်။
အဆိုပါထွက်ပြေးသွားသည့်ရဲဘော်များသည် လယ်ဝေး၊ ပျဉ်းမနားနှင့် ပဲခူးမြို့များတွင် နေထိုင်သည့် ဗမာလူမျိုးများဖြစ်ပြီး လူမျိုးရေးခွဲခြားခံရမှုကြောင့် ဆက်လက်မနေထိုင်လိုဘဲ ထွက်ပြေးလာခြင်းဖြစ်သည်ဟု စစ်ကောင်စီမှထုတ်ပြန်သည့်သတင်းတွင် ဖော်ပြထားသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တပ်ရင်းများတွင် လူမျိုးရေးခွဲခြားခြင်းမပြုလုပ်ရဟူသည့် မူဝါဒများရှိပြီး စစ်ကောင်စီဘက်က သွေးခွဲနေခြင်းသာဖြစ်သည်ဟု ကိုဇီးရိုးကပြောသည်။
“ကျွန်တော်တို့ဒေသမှာ အဖွဲ့အစည်းတွေကများတယ်လေ ။ လူမျိုးအရေး သွေးခွဲတာ အထူးသဖြင့် တပ်ဖွဲ့တွေအကြားပေါ့ တပ်ရင်းထဲမှာလည်း ခွဲခြားအုပ်ချုပ်တာတွေမရှိဘူး“ဟု ဆိုသည်။
ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီဘက်ကထုတ်ပြန်သည့် ပြည်သူနှင့် တော်လှန်ရေးအင်အားစုများအကြားသွေးကွဲစေသည့် ဝါဒဖြန့်သတင်းများကို နားမယောင်ကြရန် ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းပြောဆိုထားသည်။
ပြီးခဲ့သည့်မေလအတွင်းကလည်း နေပြည်တော် PDFရဲဘော် ၁၁ဦး လက်နက်နှင့် အလင်းဝင်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး အဆိုပါကိစ္စသည်လည်း သတင်းမှားသာဖြစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)က သတင်းပြန်လည်ထုတ်ပြန်ထားသည်။
ပုံစာ–အမှတ် ၁၁၀၇တပ်ရင်းရဲဘော်များ(ပုံအဟောင်း)
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1355
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5011
Website ->https://eng.thanlwinkhet.net