ယမင်းဖူးပွင့်အောင်
ဇွန် ၅၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို ဝင်ရောက်စီးနင်းမှုကြောင့် ခုခံပြန်ပစ်သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး စခန်းနှင့်အတူ မီးရှို့ခံခဲ့ရသည်ဟု နီးစပ်သူများထံက သိရသည်။
ဘုတလင်မြို့နယ်၊ မြစ်ဆုံကျေးရွာအနီးရှိ ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းကို ယမန်နေ့ညနေ ၃နာရီခန့်က စစ်ကောင်စီအင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်းသုံးကြောင်းခွဲ၍ လက်နက်ကြီးဖြင့် ပစ်ကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
လက်နက်ထုတ်လုပ်ရေး တာဝန်ယူထားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး အပစ်ခံရပြီး စခန်းနှင့်အတူ မီးရှို့ခံခဲ့ရသည်ဟု ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ရဲဘော် ဗိုလ်ဦးက သံလွင်ခက်ကိုပြောသည်။
“တော်လှန်ရေးအစကတည်းက အတူတူလုပ်ခဲ့တဲ့ ရဲဘော်တွေ ကိုယ့်မျက်စိအောက်မှာပဲ ကျဆုံးခဲ့ရတဲ့အတွက်တကယ်လည်း ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်တယ်။ ကိုယ့်အဖွဲ့က မပြည့်စုံလို့ပဲခံယူတယ်” ဟု ၎င်းကပြောသည်။
ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နိုင်ဦး ၂၉ နှစ်၊ ရဲဘော် ကျော်ဇင်မျိုး ၁၉နှစ် နှင့် ရဲဘော် မိုင်းကြီး၃၄နှစ် တို့သေဆုံးသွားခဲ့ပြီး ကာလတန်ဖိုး သိန်းတစ်ထောင်ဝန်းကျင်ခန့် ဆုံးရှုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချောင်းဦးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့သည်။
ပုံစာ− ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်စခန်း မီးရှို့ဖျက်စီးခံရသည့်မြင်ကွင်း။
Photo-Crd
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1328
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4933
Website ->https://eng.thanlwinkhet.net