ယမင်းဖူးပွင့်အောင်
ဇွန် ၅၊ ၂၀၂၃။
စစ်ကိုင်းတိုင်း ၊ဆားလင်းကြီးမြို့နယ်အတွင်းကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က မုံရွာဘက်ခြမ်း အုန်းပင်ဆိပ်ကမ်းမှ စက်လှေသုံးစီးဖြင့် စစ်ကောင်စီအင်အား ၁၂၀ ခန့် ဝင်ရောက်လာသည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါ စစ်ကြောင်းသည် နှစ်လအကြာ ဆားလင်းကြီးမြို့နယ်သို့ တစ်ကျော့ပြန် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးရွာပေါင်း ၇ ရွာမှ ဒေသခံပြည်သူ ၃၀၀၀ ခန့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဆက်သွယ်ရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“ညောင်ပင်ကြီးအုပ်စုထဲက ရွာတွေ တော်တော် များများရှောင်ရတယ်။ အခု ဝမ်ပေါင်ဘက်ကိုထွက်သွားကြတယ်ဆိုတော့ အခြေအနေကြည့်ပြီး ပြန်ဝင်တဲ့တစ်ချို့တစ်လေတော့ရှိတယ်” ဟုပြောသည်။
တစ်ဆက်တည်းတွင် ဝမ်ပေါင်ကြေးနီစီမံကိန်းအနီး စစ်ကောင်စီရှေ့ပြေးတပ်ဖွဲ့ဝင် ၇ ဦးခန့်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခဲ့သည်။
“ စစ်ဘေးရှောင် ခြောက်ယောက်လောက်ကို လူသားဒိုင်းအဖြစ်ခေါ်လာတယ်။ မိုင်းသံကြားတော့ ပြည်သူတွေကိုထားခဲ့ပြီး ပြေးသွားတယ်”ဟု၎င်းကပြောသည်။
လွန်ခဲ့သည့် နှစ်လခန့်ကလည်း အဆိုပါ စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ဒေသခံခြောက်ဦး သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြန်ထားသည်၊
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပြည်သူ တစ်သောင်းကျော်ခန့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည်။
ပုံစာ− ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ မြင်ကွင်း/ ပုံဟောင်း။
Photo-Aung Khant Zaw
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1326
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4930
Website ->https://eng.thanlwinkhet.net