သံလွင်ခက်
ဇွန် ၅၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၄ ရက်နေ့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနှင့်အထက် သေဆုံးခဲ့သည်ဟုရှေ့တန်းရောက်ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
အင်အား ၁၂၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကောလင်းမြို့အရှေ့တောင်ဘက် ၆ မိုင်ကျော်ခန့်အကွာ အုန်းမှင်ကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ခိုင်လုံသည့် ရှေ့တန်းရောက်ရဲဘော်တစ်ဦးကသံလွင်ခက်ကို ပြောသည်။
“မနေ့က တစ်နေကုန် တိုက်ပွဲဖြစ်နေတာ။ စစ်တပ်ဘက်က အနည်းဆုံး ၁၀ ယောက်သေတယ်လို့ ခန့်မှန်းလို့ရတယ်။တိုက်ပွဲဖြစ်တဲ့နေရာကို နယ်မြေရှင်းလင်းရေးသေချာမလုပ်ရသေးဘူး” ဟုပြောသည်။
ယမန်နေ့တိုက်ပွဲသည် နံနက် ၁၀ နာရီခွဲခန့်မှ မွန်းလွဲ ၅ နာရီခန့်ထိ ဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ပြောသည်။
တိုက်ပွဲဖြစ်ပွားနောက် စစ်ကောင်စီတပ်များသည် ယမန်နေ့ည ၈ နာရီခန့်က ကောလင်းမြို့နယ် တောင်ဘက် သပြေအိုင်ကျေးရွာအုပ်စုတွင်ရှိသည့် ချောင်းကွေ့ကျေးရွာသို့ တိုက်လေယာဉ်တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု သိရသည်။
လေကြောင်းဖြင့် ပစ်ခတ်ခံရသောကြောင့် ချောင်းကွေ့ကျေးရွာက နေအိမ်တစ်လုံးပျက်စီးပြီး ဗုံးတစ်လုံးမှာ မပေါက်ကွဲဘဲ ကျန်ရှိနေသည်ဟု ရှေ့တန်းရောက်ရဲဘော် တစ်ဦးက ပြောသည်။
အနီးဝန်းကျင်မှ ဒေသခံပြည်သူများ တိုက်ပွဲတိမ်းရှောင်နေသည့်အတွက် လေကြောင်းတိုက်ခိုက်စဉ် ပြည်သူများထိခိုက်မှုမရှိဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်နှင့် ကန့်ဘလူနယ်ရှိကျေးရွာအချို့တွင် တပ်စွဲကြလျက်ရှိပြီး ယနေ့နံနက်က ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ကျေးရွာသို့ ဝင်ရောက်သွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်တွင် ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိပြီး မေလ ၂၇ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး အချို့မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ပုံစာ–ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးသွားသည့်ဒေသခံနေအိမ်မြင်ကွင်း။
Photo-ပေးပို့။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1329
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4936
Website ->https://eng.thanlwinkhet.net