သံလွင်ခက်
ဇွန် ၅၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်း ယနေ့နံနက် ၄ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်နှင့် မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ၊ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့များအကြားတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။
လားရှိုးမြို့ ၊ရပ်ကွက် ၅ တွင်တည်ရှိသည့် မန်အိုင် ၅၀၇ တပ်စခန်းကို ကိုးကန့်နှင့် PDFပူးပေါင်းတပ်တို့ကဝင်ရောက် တိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါစခန်း ဝင်ရောက်တိုက်ခိုက်မှုကို စစ်ကောင်စီဘက်လည်း လက်နက်ကြီး၊ လက်နက်ငယ် အချက် ၁၀၀ထက်မနည်း ပြန်လည်ပစ်ခဲ့ပြီး အနီးတဝိုက်ရှိနေအိမ်တစ်ချို့ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။
“ မနက်စောစောဆိုတော့ ဘယ်သူမှထွက်မကြည့်ရဲဘူး။ ငြိမ်သွားမှ ထွက်ကြည့်လိုက်တော့ အိမ် ဝင်းတံခါးတွေမှာအကုန် သေနတ်ရာတွေထိထားတယ်။ နည်းနည်းတော့ပျက်စီးသွားတယ်”ဟု ၎င်းက ပြောသည်။
တစ်ဆက်တည်းတွင် လားရှိုးမြို့ ရပ်ကွက် ၁၂ ဘက်တွင်လည်း ကိုးကန့်နှင့်PDFပူးပေါင်းတပ်များက စစ်ကောင်စီတပ်ကို ရှော့တိုက်ဒုံးနဲ့ ဝင်တိုက်ခဲ့သည်ဟု ဒေသခံများထံကသိရသည်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်မှုများ ရှိခဲ့ပြီး တိုက်ပွဲ အတွင်း သေဆုံး ထိခိုက်မှု အခြေအနေများကိုသံလွင်ခက်က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့်ဇွန်လ ၁ ရက်နှင့်၂ ရက်နေ့တွင် စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့နှင့်MNDAA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့တွင် ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲအပြီး ၂ ရက်အကြာ စစ်ကောင်စီက ကိုးကန့်(MNDAA)၊PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား လားရှိုးတွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဇွန်လ လဆန်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)တို့အကြား အထူးဒေသ(၁) မူပန်ဒေသ၊ ကိုးကန့်ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။
ပုံစာ–တိုက်ပွဲများအကြားတွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအသုံးအဆောင်။
Photo-Crd
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1323
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4923
Website ->https://eng.thanlwinkhet.net