သဇင်
ဇွန် ၅၊၂၀၂၃။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် လောင်းကစားဝိုင်းများအား ငွေကြေးကောက်ယူလုံခြုံရေးယူပေးနေသော လက်နက်ကိုင်အဖွဲ့များကို သတိပေးမှုများလုပ်ဆောင်ထားသည်ဟု ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ဒုတိယအပတ်မှစတင်ကာ ပုလဲမြို့နယ်၊ ကျေးရွာများရှိ လောင်းကစားဝိုင်းများတွင် လုံခြုံရေးယူပေးနေခြင်းဖြစ်ပြီး တာဝန်ရှိသူများကို ခေါ်ယူကာ သတိပေးပြောဆိုခဲ့သည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
“လောင်းကစားဝိုင်းတွေမှာ လက်နက်ကိုင်ပြီး ကာကွယ်ပေးနေတဲ့ အဖွဲ့က ဦးဆောင်သူတွေကိုခေါ် ပြီးတော့သတိပေးထားပါတယ်။ခေါင်းဆောင်ပိုင်းတွေက သူတို့လက်အောက်ကလူတွေ အခုလိုမျိုးလုပ်ဆောင်နေတာကို မသိဘူးပြောတယ်။ နောက်နောင်ဒီလိုမျိုးတွေလုပ်လို့ရှိရင် သူတို့ကိုယ်တိုင် သူတို့အဖွဲ့သားတွေကို အရေးယူမယ်ဆိုပြီး နှုတ်ကတိတော့ပေးထားတယ်”ဟု ပြောသည်။
ထိုသို့သတိပေးမှုများလုပ်ဆောင်ပြီးနောက် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ခြင်းမျိူးမရှိသော်လည်း ညပိုင်းအချိန်များတွင် လူသွားလူလာပြတ်သည့် နေရာများတွင် ပုန်းလျှိုးကွယ်လျှိုး လုပ်ဆောင်နေသေးသည်ဟု ၎င်းကဆက်ပြောသည်။
ပုလဲမြို့နယ်တွင် ယခုကဲ့သို့ လောင်းကစားဝိုင်းများ စတင်ခဲ့သည်မှာ ၃လခန့်ရှိပြီး တောင်ရွာသစ်၊စေတီယုံနှင့် ပန်းရွာ စသည့်ကျေးရွာများတွင် အများဆုံးရှိသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။
သတိပေးတားမြစ်မှုများကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်ပါက လောင်းကစားဝိုင်းများကို ဝင်ရောက်ဖမ်းဆီးမှုများလုပ်ဆောင်သွားမည် ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့အနေနဲ့ ဂျင်ဝိုင်းကို ဝင်ဖမ်းဖို့အတွက်လည်း ခရိုင်အဆင့်ကို ခွင့်တောင်းထားတယ်။သူတို့ဘက်က ပြန်ခုခံခဲ့ရင် ပစ်မိန့်ကိုပါ တောင်းထားရတဲ့အဆင့်ထိ ရှိပါတယ်။”ဟု သူက ဆိုသည်။
လက်ရှိငွေကြေးယူ လုံခြုံရေးယူပေးနေသောအဖွဲ့များသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချူပ်မှုအောက်တွင် မရှိဘဲ သီခြားရှိနေသည့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များဖြစ်သည်ဟု သံလွင်ခက်က စုံစမ်းသိရှိရသည်။
ပုံစာ-(အာဏာသိမ်းပြီးနောက် ပြန်လည်ခေတ်စားလာသည့် လောင်ကစားဝိုင်းများ /ပုံဟောင်း)
Photo-Crd
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1325
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4927
Website ->https://eng.thanlwinkhet.net