သံလွင်ခက်
ဇွန် ၅၊ ၂၀၂၃။
မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့နှင့် စစ်ကောင်စီတို့ တွေ့ဆုံပွဲပြီးနောက် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာသောကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA) တို့ တိုက်ပွဲဖြစ်ပွားသည်ဟု ယမန်နေ့တွင် ကိုးကန့်သတင်းမီဒီယာက ထုတ်ပြန်သည်။
ဇွန်လ ၂ ရက်၊ နံနက် ၉း၀၉ မိနစ်ခန့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် အထူးဒေသ (၁) မူပန်ခရိုင် ပြင်းတောင်ရွာအနီးရှိ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့် (MNDAA) ၏ ယာယီတပ်စခန်းကိုစတင် ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ပြီး နှစ်ဦးနှစ်ဖက်မှ တစ်နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထို့နောက် ဇွန်လ ၃ ရက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် ကိုးကန့်ခရိုင် တုံရှမ်းဒေသမှ အခြေချနေသော(MNDAA) တပ်နှင့် တိုက်ပွဲ နှစ်နာရီကြာ ဖြစ်ပွားခဲ့ပြီး နေ့လည် ၁၂း၄၀ မိနစ်ခန့်အချိန် အာဏာသိမ်းစစ်ကောင်စီသည် လူအင်အား ၁၀၀ စုစည်းပြီး ကိုးကန့် (MNDAA) ရှိရာ ရှောက်မင်ရှမ်းနှင့် ချောက်ချိုင့်ပါ့နေရာကို ပစ်ခတ်တိုက်ခိုက်လာခဲ့သည်။
ထို့ကြောင့် တိုက်ပွဲသည် ညနေ ၃ နာရီအထိ ဖြစ်ပွားပြီး ကိုးကန့် (MNDAA) ဘက်မှ တစ်ဦး ကျဆုံး ၊ တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်သူဘက်မှ အကျအဆုံး အသေးစိတ် မသိရသေးဟု ကိုးကန့်သတင်းမီဒီယာက ဖော်ပြထားသည်။
ယမန်နေ့ နံနက် ၁၀ နာရီခန့် ကိုးကန့်ခရိုင်ရှိ ရှမ်းဒေသ ကြာကျည်ရှူကျေးရွာအုပ်စု ကျန်တစ်ရှမ်းဘက်တွင်လည်းပစ်ခတ်သံ ပြင်းပြင်းထန်ထန် ကြားရပြီး ကြာကျည်ရှူနေရာတွင် အခြေချနေထိုင်သော အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် ကျန်တစ်ရှမ်းဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
ဆက်စပ်သတင်းအနေဖြင့် ယနေ့ ဇွန်လ ၅ ရက် နံနက်အစောပိုင်းတွင်လည်း မြောက်ပိုင်းမဟာမိတ်တပ်များထိန်းချုပ်ထားရာ လားရှို့မြို့တွင် တိုက်ပွဲ နှစ်နေရာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
လားရှိုးမြို့ အခြေစိုက် ခမရ ၅၀၇ တပ်နှင့် အမှတ် ၁၂ နယ်မြေရဲစခန်းစသည့် နေရာများတွင် နံနက် ၄ နာရီကျော်အချိန်၌ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားရသည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများသည် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်တို့အကြားတိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း သံလွင်ခက်အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA ၊ AA နှင့် TNLA တို့သည် ယခု ဇွန်လ ၁ ရက်နှင့် ၂ ရက်တို့တွင် မိုင်းလား၌ စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သည်။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1322
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4919
Website ->https://eng.thanlwinkhet.net