သံလွင်ခက်
ဇွန် ၅၊ ၂၀၂၃။
ရှမ်း–ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းများကိုတော်လှန်ရေးပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်သေဆုံးခဲ့သည်ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU က ယနေ့တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများက ဖယ်ခုံမြို့ အနောက်ဖက်ခြမ်း လွယ်ဟွဲနှင့် လွယ်လုံရွာစစ်ကြောင်း တစ်ကြောင်း၊ ခေါင်းအိနှင့် စက်တော်ရွာဖက်တွင် စစ်ကြောင်း တစ်ကြောင်းနှင့် လတူးဖက် စစ်ကြောင်းတစ်ကြောင်း စုပေါင်းစစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်လာခဲ့သည်။
ပြီးခဲ့သည့် မေလ တတိယပတ်မှစ၍ စစ်ကြောင်းထိုးလာခဲ့သော စစ်ကောင်စီစစ်ကြောင်းများကို တော်လှန်ရေးတပ်ပေါင်းစုများက ခုခံတိုက်ခိုက်ခဲ့ရာ မေလကုန်ပိုင်းအထိ ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ဆယ်ရက်ကျော်အကြာ ပြင်းထန်ခဲ့သော ဖယ်ခုံမြို့အနောက်ဘက် တိုက်ပွဲများအတွင်းတွင် စစ်ကောင်စီဘက်မှအရာရှိ၊ စစ်ကြောင်းမှူးများအပါအဝင် စုစုပေါင်း ၆၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြသည်ဟုKRU က ထုတ်ပြန်သည်။
ထိခိုက်ဆုံးရှုံးမှုများသော စစ်ကောင်စီတပ်တို့က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ များစွာ ပစ်ခတ် ဗုံးကြဲချသည့်အပြင် ဖယ်ခုံ စကခ (၇) နှင့် ၃၃၆ တပ်မှ လက်နက်ကြီး ပစ်ကူ များစွာ ပေးခဲ့သည်။
အဆိုပါ တိုက်ပွဲများအတွင်းတွင် PDF နှင့် KNDF တို့မှ ရဲဘော် သုံးဦး အသက်ပေးခဲ့ရသလို KRU ရဲဘော် တစ်ဦးဒဏ်ရာ ရရှိခဲ့သည်ဟု KRU က ဖော်ပြထားသည်။
ဖယ်ခုံမြို့အနောက်ဘက်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို ကယား (ကရင်နီ) တော်လှန်ရေးတပ်ရင်းရောင်နီစစ်ကြောင်း၊ ဖယ်ခုံ PDF (တပ်ရင်းအမှတ် – ၁၀၀၂) နှင့်အတူ KNDF၊ PDF-Loikaw၊ DMO-PDFs စစ်ကြောင်း၊ DMO Local-PDFs စစ်ကြောင်း၊ MBPDF (1001 နှင့် 1007)၊ တပ်ရင်းအမှတ် 1008၊ 1009၊ 1003 ၊NPT-PDF တပ်ရင်းများနှင့် အလယ်ပိုင်းတိုင်း အထူး တပ်ဖွဲ့ စသည့် တော်လှန်ရေးတပ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။
ဓာတ်ပုံ– ကယား(ကရင်နီ)တော်လှန်ရေး တပ်ပေါင်းစု(KRU)
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1321
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=4906
Website ->https://eng.thanlwinkhet.net