သံလွင်ခက်
ဇွန် ၂ ရက်၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် သံဃာတော်နှင့်ပြည်သူ လေးဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိထားသူများလည်းရှိသည်ဟုဒေသခံများထံမှ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့ပေါ်ကို စစ်ကောင်စီက ယနေ့ ဇွန်လ၂ရက် ၊ နံနက်အစောပိုင်း ၅ နာရီခန့်တွင် လေကြောင်းမှလာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
” သူကမနက်၅နာရီထဲက လာပစ်နေတာ။ မြို့ပတ်ပတ်လည်ကို ။ ကြာအင်းဆိပ်ကြီးရဲ့ မြို့ထဲကို ဗုံးတွေကျတယ်။ဗုံးကျသွားတဲ့နေရာမှာ သံဃာ၂ပါးနဲ့ ပြည်သူနှစ်ဦး သေသွားတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။အိုးအိမ်တွေပျက်စီးတာလည်း ရှိတယ် “ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
လေကြောင်းတိုက်ခိုက်ခံရမှုတွင် ကလေးငယ်တစ်ဦးအပါအဝင် ဒဏ်ရာပြင်းထန်သူများလည်းရှိနေပြီး ကလေးငယ်တစ်ဦးထပ်မံသေဆုံးသည်ဟု သတင်းထွက်ပေါ်နေသော်လည်း သံလွင်ခက်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ထို့ပြင် ကူညီကယ်ဆယ်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့များအနေဖြင့်လည်း ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးထားပြီး နောက်ဆက်တွဲအခြေအနေများကို မသိရှိရသေးပေ။
” ဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံကို တစ်ဆင့်ပို့ ၊ တစ်ဆင့်ပို့ ဆိုတော့ အခြေအနေကို အတည်အကျမသိရသေးဘူး။ သူတို့လည်း ဟိုးမနက်ထဲက တိမ်းရှောင်နေရတယ် နည်းနည်းပါပါးငြိမ်မှ သွားကြည့်ကြမယ်“ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူက ပြောသည်။
ကြာအင်းဆိပ်ကြီး မြို့အနီးရှိ နိုတပေါကျေးရွာတွင် မနေ့ညပိုင်း၌ တိုက်ပွဲဖြစ်ပွားပြီးနောက် ယနေ့နံနက်အစောပိုင်းတွင် လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။
အဆိုပါတိုက်ပွဲအကြောင်းအရာနှင့်ပတ်သက်၍ ကြာအင်းဆိပ်ကြီးဘက်ရှိ ကာကွယ်တပ်စစ်ကြောင်းတချို့ကိုမေးမြန်းသော်လည်း တိုက်ပွဲ၌ ပါဝင်ခြင်းမရှိကြောင်းနှင့် မည်သည့်အဖွဲ့များနှင့်ဖြစ်ပွားခြင်းဖြစ်ကြောင်းကို မသိရှိဟု နဂါးနီစစ်ကြောင်းမှ ရဲဘော်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1302
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4850
Website ->https://eng.thanlwinkhet.net