သံလွင်ခက်။
ဇွန် ၂ ၊ ၂၀၂၃။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေး အခက်ခဲဖြစ်ပေါ်နေသည်ဟု စစ်ရှောင်အရေးကူညီနေသူများထံက သိရသည်။
လက်ရှိအချိန်တွင် ဆန်ပြတ်လပ်နေသည်ဟု ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ် အရှေ့ဘက်ခြမ်းမှ ဆီဆိုင်မြို့နယ်သို့တစ်နှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်နေသည့် အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက ” အဆင်မပြေဘူး၊ ဆန်လည်းမရှိတော့ဘူး ကုန်သွားပြီ၊ ရှိတဲ့သူနဲ့ စစ်ရှောင်အချင်းချင်းရှိတဲ့ဆီက လိုက်ချေးငှားတောင်းယူနေရတာ ” ဟု ဆိုသည်။
ယခင်က လူဦးရေပေါ်မူတည်၍ နှစ်ဦးလျှင် ဆန် ၆ ပြည်ဆန် အိတ် ၂ အိတ်၊ လူဦးရေ ၄ ယောက်မှ ၅ယောက်ကိုဆန် အိတ် ၃ အိတ်၊ လူဦးရေ ၆ ယောက်မှ ၈ယောက်အတွင်းကို ဆန်အိတ် ၄ အိတ်စသည့်ဖြင့် အစိုးရ မဟုတ်သောအဖွဲ့အစည်းများဖြစ်သော NGO၊ INGO အပါအဝင် ဒေသလူမှုကူညီရေးအဖွဲ့များက ထောက်ပံ့မှုများရှိခဲ့သည်ဟုစစ်ရှောင်ကူညီရေး ကော်မတီထံက သိရသည်။
ယခုတွင် ကူညီမှု တချို့ရှိသော်လည်း မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများအတွက် လုံလောက်သည့်အခြေအနေမရှိဟု စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။
စစ်ရှောင်ကူညီရေး ကော်မတီဝင် တစ်ဦးက“ကျွန်မတို့ စစ်ရှောင်စခန်းဘက်မှာတော့ သုံးပုံနှစ်ပုံလောက်ရှိမယ် ၊သူတို့ စားဝတ်နေရေး တော်တော်ခက်ခဲသွားပြီ။ကျွန်မဆီမှာ တစ်နပ်စာတစ်နပ်အတွက် ဆန်လာယူတာရှိတယ်။ ပြီးတော့ ဘေးအိမ်နဲ့ အဆင်ပြေတဲ့သူဆီက မျှစားနေရတယ် “ဟုဆိုသည်။
ရရှိလာသည့် စားနပ်ရိက္ခာများကို အခက်ခဲဆုံး စစ်ရှောင်မိသားစုများကို ဦးစားပေး ကူညီထောက်ပံ့နေသည်ဟု စစ်ရှောင်ကူညီသူတစ်ဦးဖြစ်သည့် ခွန်ကျော်ဆွေက ပြောသည်။
၎င်းက ” လောလောဆယ် ကျွန်တော်တို့ တတ်နိုင်သလောက်တော့ လိုက်ရှာတယ်။ ရတော့ရတယ် နည်းနည်းပဲအကုန်လုံး အတွက်မလုံလောက်ဘူး။အလုပ်ကိုင်လည်းမရှိဘူး ။ဆွေမျိုးသိုင်းဝိုင်းလည်းမရှိဘူး ။ဘယ်လိုမှ ရှာလို့မရတဲ့ မိသားစုကိုတော့ ဦးစားပေး ရွေးချယ်ထောက်ပံ့ပေးတယ် “ဟုဆိုသည်။
ဆီဆိုင်မြို့နယ်အတွင်းသို့ လာရောက် စစ်ဘေးရှောင်သူများသည် ကရင်နီပြည်နယ်မှ အများစုဖြစ်ပြီး အညာဒေသများ လာရောက်စစ်ရှောင်သူ အနည်းစုလည်းရှိသည်ဟု သိရသည်။
စစ်ဘေးတိမ်းရှောင်သူများသည် စစ်ရှောင်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း၊ ဇရပ်နှင့် လူနေရပ်ကွက် စသည့်နေရာများတွင်နေထိုင်ပြီး နေထိုင်သည့် နေရာ ၄၀ ကျော်ရှိကာ စစ်ရှောင်ဦးရေ ၈၀၀၀ ကျော်ရှိသည်ဟု ကူညီသူများထံက သိရသည်။
စားနပ်ရိက္ခာဖြစ်ပေါ်နေသည့် စစ်ရှောင်ပြည်သူများအနေဖြင့် ၎င်းတို့၏ နေရပ်များတွင် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်က ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုများရှိနေသည့်အတွက် နေရပ်ပြန်ရန် အခက်ခဲများရှိသည်ဟု စစ်ရှောင်ပြည်သူများက ဆိုသည်။
စစ်အာဏာသိမ်းမှု အလွန် ၂ နှစ်ကျော်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်တွင်း စစ်ရှောင်ဒုက္ခသည် ၂သန်းခွဲကျော်ရှိလာသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ကောက်ယူထားသည့် အချက်လက်များအရ သိရသည်။
ပုံစာ – ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတစ်ခု မြင်ကွင်း/ ပုံ – အဟောင်း
Photo – Khun Kyaw Swe
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1298
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4838
Website ->https://eng.thanlwinkhet.net