သံလွင်ခက်
ဇွန် ၁ ၊ ၂၀၂၃ ။
ပြီးခဲ့သည့်မေလအတွင်း၌ လေကြောင်းတိုက်ခိုက်မှု အကြိမ်၁၀၀ ထိရှိခဲ့သည့် ကရင်နီပြည်တွင် တော်လှန်ရေးရဲဘော် ၃၃ ဦး ကျဆုံးခဲ့သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ၏ထုတ်ပြန်ချက်အရ သိရသည်။
အာဏာသိမ်းစ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ခုနှစ် ၊ မေလ ၃၁ ရက်အထိ ကရင်နီပြည်၏ စစ်ရေး၊နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ ထုတ်ပြန်ရာ၌ ကရင်နီတော်လှန်ရေးတပ်များမှKA ၊KNDF နှင့် PDF ရဲဘော် ၂၉၂ ဦးကျဆုံးခဲ့သည်ဟုပါရှိသည်။
ယခုနှစ်ဧပြီလကုန်ထိ PKPF၏ စာရင်းများအရ KA ၊KNDF နှင့် PDF ရဲဘော် ၂၅၉ ဦးကျဆုံးထားခဲ့ရာမှ ပြီးခဲ့သောမေလအတွင်း ကျဆုံးရဲဘော် ၃၃ ဦးထပ်တိုးလာခဲ့သည်ကို တွေ့ရှိရသည်။
ပြီးခဲ့သောမေလတွင် ဒီးမော့ဆိုအရှေ့ခြမ်းအပါအဝင် ကရင်နီပြည် မြို့နယ်တချို့နှင့် ရှမ်း–ကယားနယ်စပ်တို့၌ပြင်းထန်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းများအပြင် လက်နက်ကြီးပစ်ကူ နှင့်လေကြောင်းပစ်ကူများကို အဆမတန်အသုံးပြုခဲ့သည်။
မေလ ၁၄ရက်မှ ၂၃ရက်ထိ ၁၀ရက်ကြာဖြစ်ပွားခဲ့သော ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီ၏ လွိုင်ကော်၊ငွေတောင် နှင့် ဖရူဆိုအခြေစိုက်တပ်များမှ နေ့စဉ် လက်နက်ကြီးများ အလွန်အကျွံအသုံးပြု၍ ပစ်ကူပေးခဲ့ပြီး ဂျက်ဖိုက်တာ(Jet Fighter) များဖြင့် အကြိမ် ရေ စုစုပေါင်း(၆၀) ထက်မနည်းဗုံးကြဲခြင်း၊ ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်။
ထို့ပြင် ၃ လကျော်အကြာတိုက်ပွဲများပြင်းထန်ဖြစ်ပွားနေသည့် ရှမ်း–ကယားနယ်စပ်တွင်လည်း စစ်ကောင်စတပ်ကပြီးခဲ့သည့်မေလအတွင်း၌ နေ့စဥ်နီးပါး လေကြောင်းမှလာရောက်တိုက်ခိုက်ခဲ့သည်။
PKPF ၏ စာရင်းများအရ အာဏာသိမ်းပြီးချိန်မှ ယခုနှစ် ဧပြီလကုန်အထိ လေကြောင်းတိုက်ခိုက်မှု ၃၆၃ ကြိမ်ရှိခဲ့ရာမှ ပြီးခဲ့သည့်မေလကုန် စာရင်းကိုထုတ်ပြန်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၆၃ ကြိမ်ရှိလာသည်ကိုတွေ့ရှိရသည်။
ပြီးခဲ့သည့်မေလတွင်း၌ လက်နက်ကြီးပစ်ကူများနှင့် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့သည့် ဒီးမော့ဆိုအရှေ့ခြမ်းနှင့် ရှမ်း–ကယားနယ်စပ်တိုက်ပွဲများတွင် KA ၊ KNDF နှင့် PDF ရဲဘော် ၁၀ ဦးထက်မနည်းကျဆုံးခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်တွင်း၌ ဒီးမော့ဆိုမြို့နယ်ရှိ တပ်စခန်းနှင့်ရှေ့တန်စစ်မြေပြင်နေရာများလေကြောင်းမှ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခံရပြီး KNDF နှင့်PDF ရဲဘော် ၁၀ ဦးကျဆုံးခဲ့သည်။
ပြီးခဲ့သည့်မေလတွင် ဒီးမော့ဆိုအရှေ့ခြမ်းနှင့် ရှမ်း–ကယားနယ်စပ်တို့တွင် တိုက်ပွဲပြင်းထန်ခဲ့သည််အပြင် မိုးဗြဲ၊ လွိုင်ကော်၊ ရှားတော့ ၊ ဘောလခဲ စသည့်နေရာများတွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကရင်နီတော်လှန်ရေးရဲဘော်တချို့ကျဆုံးခဲ့သည်။
ပြီးခဲ့သောမေလအတွင်း၌ စစ်ကောင်စီဘက်မှ ၇၃ ဦးသေဆုံးခဲ့သည်ဟု PKPFကဖော်ပြထားပြီး မေလ ၁၄ရက်မှလ၂၃ရက်ထိ ဒီးမော့ဆိုအရှေ့ခြမ်း ဒေါလျားခူ နှင့် တနီးလာလဲ တောင်ပေါ်တစ်ကြောတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၄၀ နီးပါးသေဆုံး၍ နှစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟုKNDF က ထုတ်ပြန်သည်။
ပုံစာ–ပြီးခဲ့သောမေလတွင် ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ ကျဆုံးခဲ့သော KNDF B07 တပ်ရင်းမှ ရဲဘော် ဘဲနဒစ်(ခေါ်) အောင်အောင်၏ စျာပန ။
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1293
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4827
Website ->https://eng.thanlwinkhet.net