သဇင်
ဇွန်လ ၁၊၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်)ဒေသတွင် ၂၀၂၃–၂၀၂၄ ပညာသင်နှစ်အတွက် တအာင်းအမျိုးသားပညာရေးကော်မတီ (TNEC)က ကျောင်းပေါင်း(၄၀၀)ခန့် ဖွင့်လှစ်သွားမည်ဟု TNEC အဖွဲ့ဝင်များထံမှ သိရသည်။
ယမန်နှစ်က ကျောင်းပေါင်း ၄၀၀ကျော် ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့သော်လည်း ကျောင်းပေါင်း ၃၆၀ကျော်သာ ဖွင့်နိုင်ခဲ့သည်ဟု ဆိုသည်။
ယခု နှစ် ၂၀၂၃–၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသားအရေတွက်ပေါ်မူတည်ပြီး အခြေခံပညာကျောင်းပေါင်း၄၀၀ ခန့် ဖွင့်လှစ်သွားမည်ဟု TNEC ဒါရိုက်တာတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“မနှစ်တုန်းကဖွင့်တဲ့ကျောင်းအရေတွက်မှာပဲ အခြေခံပြီးတော့ ဖွင့်မှာပါ။မနှစ်ကမဖွင့်ဖြစ်တဲ့ ကျောင်းဟောင်းတွေကို အဓိက ဦးစားပေးဖွင့်မှာပါ ။ခန့်မှန်းခြေ ၃၇၀ နဲ့ ၄၀၀ ကြားမှာရှိနိုင်ပါတယ်။ကျောင်းသားတွေအတွက် လုံခြုံနိုင်မယ့်နေရာတွေမှာ ထပ်ပြီးဖွင့်သွားမှာပါ“ဟု ၎င်းက ပြောသည်။
တအာင်း(ပလောင်)ဒေသတွင် ယနေ့မှစတင်ကျောင်းအပ်လက်ခံနေပြီး ဇွန်လ ၅ ရက်နေတွင် ကျောင်းများစတင်ဖွင့်လှစ်ရန် ဆရာ၊ဆရာမများက စီစဉ်နေကြသည်။
တောင်ပေါ်ဒေသနှင့် ကျေးရွာများရှိ ကလေးတိုင်း ပညာသင်ကြားခွင့်ရရှိရန်လိုအပ်သည့်အတွက် အရပ်ဘက်အဖွဲ့စည်းများ၊သံဃာတော်များနှင့် ဒေသဆိုင်ရာအုပ်ချုပ်နေသည့် အဖွဲ့အစည်းများနှင့် ပူပေါင်းကာ ၂၀၂၂ခုနှစ်မှစတင်ကာ TNECမှ ကျောင်းများ ဖွင့်ခဲ့သည်ဟု ဆရာ၊ဆရာမများက ပြောသည်။
ကျောင်းများဖွင့်လှစ်ရာတွင် ဆရာ၊ ဆရာမအင်အားလုံလောက်မှုမရှိခြင်း၊သင်ကြားပေးသူများအားအကျိုးခံစားခွင့်များပေးရန်နှင့် လုံခြုံရေးဆိုင်ရာအခက်ခဲများလည်းရှိသည်ဟု TNECအဖွဲ့ဝင်တစ်ဦးကပြောသည်။
“ပညာရေးဆိုတာက ငွေရေးကြေးရေး အားစိုက်ရတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့။ ဆရာမတွေရဲ့ဉာဏ်ပူဇော်ခတွေ၊အကျိုးခံစားခွင့်တွေအတွက် ရရှိအောင်ဆောင်ရွက်ရတာတွေရှိတယ်။ သင်ကြားပေးနိုင်တဲ့ဆရာအရေတွက်က လုံလုံလောက်လောက် မရရှိနိုင်ဘူး။ လက်ရှိအာဏာသိမ်းစစ်ကောင်စီနဲ့ ဆန့်ကျင်ပြီးမှ ကျောင်းဖွင့်ရတဲ့အတွက်လုံခြုံရေးပိုင်းကလဲ ပိုဂရုစိုက်ရတယ်။”ဟု ၎င်းကပြောသည်။
စစ်ကောင်စီဖွင့်လှစ်သည့် ကျောင်းများတွင် မတက်ရောက်လိုသည့် ကျောင်းသားများ၊ မြို့နှင့်အလှမ်းဝေးသည့်ကျေးရွာဒေသရှိ ကလေးများ အများဆုံးတက်ရောက်နေကြသည်ဟု သင်ကြားရေးဆရာတစ်ဦးကပြောသည်။
သင်ကြားရေးအစီအစဉ်များကို အစိုးရဝန်ထမ်းမဟုတ်သည့် သင်ကြားရေးအတွေကြုံရှိသူများ၊
ဒေသခံတက္ကသိုလ်ကျောင်းသားများနှင့် ဆယ်တန်းအထိတက်ရောက်ဖူးသူများအား သင်ကြားသင်ယူမှုသင်တန်းများပေးကာ ဆရာအဖြစ်ခန့်အပ်ပြီး သင်ကြားနေသည့်အပြင် CDMပြုလုပ်ထားသော ဆရာမများလည်း ပါဝင်သည်ဟု TNECအဖွဲ့ဝင်များကပြောသည်။
၂၀၂၂–၂၀၂၃ပညာသင်နှစ်တွင် အထက်တန်းကျောင်း ၁၂ကျောင်း ၊အလယ်တန်းနှင့်မူလွန်အဆင့် ကျောင်း ၇၈ကျောင်းနှင့် မူလတန်းကျောင်းကျောင်းပေါင်း ၂၈၀ခန့် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားကျောင်းသူ ၁၈၀၀၀ ကျော် တက်ရောက်ခဲ့သည်။
ပုံစာ-(TNEC ဦးစီးမှုဖြင့် ဖွင့်လှစ်ထားသည့် (အ.ထ.က) မှ ကျောင်းသား၊ကျောင်းသူများ ဆော့ကစားနေသည့်မြင်ကွင်း/ပုံဟောင်း)
Photo – TNEC
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1292
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4824
Website ->https://eng.thanlwinkhet.net