ယမင်းဖူးပွင့်အောင်
ဇွန် ၁၊ ၂၀၂၃။
စစ်ကောင်စီထိန်းချုပ်မှုအောက် ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် ရခိုင်ပြည်နယ်က ကျောင်းများတွင်စာသင်ကြားနိုင်ခြင်းမရှိသေးဟု ဒေသခံများနှင့်ကျောင်းသားမိဘများထံက သိရသည်။
မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများကို ပြန်လည် မပြုပြင်နိုင်သေးခင် ဖွင့်လှစ်ခဲ့သည့်အတွက်စာသင်ကြားမည့် နေရာအခက်အခဲရှိနေခြင်းဖြစ်သည်ဟု မြောက်ဦးဒေသခံ ကိုခိုင်မင်းချေက သံလွင်ခက်ကိုပြောသည်။
“ကလေးတွေ နေဖို့နေရာမရှိဘူးလေ။ နေပူထဲ စာထိုင်သင်ဖို့အဆင်မပြေဘူး။ စာသင်ကျောင်းတွေ အကုန်လုံးကိုမြန်မြန်လေး ပြုပြင်ဖို့လိုတယ်။ အပျက်အစီးများတော့ ပြန်တည်ဆောက်ဖို့ အင်တိုက်အားတိုက် လုပ်ရင်တောင်သုံးလလောက်တော့ အနည်းဆုံးကြာလိမ့်မယ်”ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်တွင် စာသင်ကျောင်းပေါင်း ၃၁၉၃ ကျောင်းရှိပြီး မေလ ၁၄ ရက်နေ့က တိုက်ခဲ့သည့် မိုခါ မုန်တိုင်းကြောင့် ၁၃၃၇ ကျောင်း ထိခိုက်ပျက်စီးသွားသည်ဟု ပြည်နယ်ပညာရေးမှူးရုံးက ထုတ်ပြန်ထားသည်။
သို့သော်လည်း စစ်ကောင်စီအဆင့်ဆင့်သောတာဝန်ရှိသူများက ဇွန်လ ၁ရက်နေ့တွင် မဖြစ်မနေ ကျောင်းအားလုံးဖွင့်ရန် ညွှန်ကြားထားသည့်အတွက် ပညာရေး ဝန်ထမ်းများလည်း အဆင်မပြေဖြစ်နေရသည်ဟု Rakhine Women Network ရခိုင်အမျိုးသမီးအဖွဲ့အစည်း ဥက္ကဌက ပြောသည်။
“စာသင်ခုံတွေလည်းပျက်စီးတယ်။ အများဆုံးပျက်စီးတာတော့ အမိုးအကာနဲ့ နံရံတွေပေါ့။ တစ်ချို့နံရံတွေဆို မခိုင်တော့ဘူး။ ကွာကျသွားတာတွေရှိတယ်။ ကျောင်းသာအအပ်ခံရတယ်။ ဘယ်နေရာမှာ သွားစာသင်ရမလဲ ဆိုပြီးဆရာ၊ ဆရာမတွေ ကပြောနေကြတယ်”ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများသည် အဘက်ဘက်က အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေရပြီး ပညာရေးထက်စားဝတ်နေရေးကို ပိုအရေးပေးနေရသည်ဟု ၎င်းကဆက်ပြောသည်။
ရခိုင်ပြည်နယ်အတွင်းကူညီရေးလုပ်ဆောင်နေသူတစ်ဦးက “တကယ်ပြေလည်တဲ့ မိသားစုတွေကတော့ ကျောင်းအပ်နှံဖို့သွားကြတယ်။ ဒါပေမယ့် တစ်ချို့ကျတော့ သူတို့အိမ်တွေက ခုထိအမိုးအကာအောက်မရောက်သေးတော့ကျောင်း အပ်နှံဖို့ အဆင်ပြေတာမတွေ့ရသေးဘူး။ စားဝတ်နေရေးအစ အခက်အခဲ ပေါင်းစုံ ကြုံရတယ်။ပညာရေးထက် စားဝတ်နေရေးကို ဦးစားပေးနေရတဲ့ အခြေအနေပါ” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် မုန်တိုင်းကာလအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်မှာ ဆယ်ရာခိုင်နှုန်းခန့်သာအထမြောက်သေးသလို စာသင်ကျောင်းများ ပြန်လည်ပြုပြင်ရေးသည်လည်း အချိန်ယူရမည်ဟု ကူညီနေသူများက ပြောသည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့ရွာအားလုံးနီးပါး ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိပျက်စီးခဲ့ပြီး လူဦးရေ ၂ သန်းနီးပါး မုန်တိုင်းဒဏ်ခံခဲ့ရသည်ဟု ရခိုင့်တပ်တော် အေအေက ထုတ်ပြန်ထားသည်။
ပုံစာ– မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်တွေအထက ၄ မြင်ကွင်း။
Photo -Crd
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1294
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4830
Website ->https://eng.thanlwinkhet.net