ယမင်းဖူးပွင့်အောင်
မေ ၃၀၊ ၂၀၂၃။
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များ လက်နက်ချ အလင်းဝင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေနေသည်ဟု ဒေသခံများထံက သိရသည်။
တနင်္သာရီမြို့ ၊စစ်ကောင်စီတပ်ရင်း ၅၆၁ အနီးတွင်ရှိသော ညောင်ပင်ကွင်းရွာအရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းများတွင် စစ်ကောင်စီဝါဒဖြန့်စာရွက်များကို လျှပ်တစ်ပြက်လိုက်ကပ်ခြင်း၊ လမ်းသွားလမ်းလာများအား လက်ကမ်းစာစောင်ဝေခြင်းများပြုလုပ်နေခြင်းဖြစ်သည်။
“လူငယ်လူရွယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များသည် လွဲမှားတဲ့လက်နက်ကိုင်လမ်းစဉ်နောက်လိုက်ပြီး နောက်ကွယ်က ကိုယ်ကျိုးရှာသမားများအတွက် အချည်းနှီးအသက်ပေးနေကြသည်” အစရှိသည့်စာသားများနှင့်အတူ သေဆုံးခဲ့သော ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ပုံများပါရှိသည့် လက်ကမ်းစာစောင်များကို မေလ ၂၇ ရက်ခန့်က စတင်ဖြန့်ဝေနေခြင်းဖြစ်သည်။
တနင်္သာရီမြို့အနီးတွင် အထိုင်ချတပ်စွဲထားသော တပ်ရင်း ၅၆၁ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ လက်ကမ်းစာစောင်များ ဖြန့်ဝေနေခြင်းဖြစ်သည်ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ညောင်ပင်ကွင်းတံတားမှာတော့ လမ်းသွားလမ်းလာတွေကို စာရွက်တွေကမ်းပေးလိုက်တာပါ။ ညောင်ပင်ကွင်းရွာထဲတော့ စာရွက်တွေကပ်သွားတယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ကလည်း PDF အပါအဝင် အဖွဲ့အစည်းအမျိူးမျိူးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်နေသူများ လက်နက်အပ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် လက်ကမ်းစာစောင်များကို စစ်ကိုင်းတိုင်း၊ အရာတော်မြို့မဈေးနှင့် လူစည်ကားရာ နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံကပ်ထားခဲ့သည်။
စစ်ကောင်စီက မည်သို့ပင် မက်လုံးပေး၍ ပြန်လည်ခေါ်ယူနေစေကာမူ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ တိုက်ပွဲ ဝင်မည်ဟု မန္တလေးတိုင်း၊မြင်းခြံခရိုင်တပ်ရင်း၏ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ကတော့ ဒီအာဏာရှင်စနစ်ကို ကျွန်တော်တို့မျိုးဆက်မှာပဲ အပြတ်ဖြုတ်မှာ။ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေကို လွတ်လပ်ခွင့်တွေ ရပိုင်ခွင့်တွေ မဆုံးရှုံးစေချင်ဘူး။ ကျွန်တော်တို့ အသက်သေဆုံးတဲ့အထိ အာဏာရှင်အမြစ်ပြတ်တဲ့အထိ တိုက်ထုတ်သွားမှာပါ”ဟု Myingyan Black Tiger -MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကပြောသည်။
လတ်တလောတွင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၀၀ ကျော်နှင့် ပြည်သူ့အုပ်ချုပ်ရေးနှင့်ကာကွယ်ရေးအဖွဲ့များကို မြို့နယ် ၂၅၀ ကျော်တွင် ဖွဲ့စည်းထားပြီးဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားသည်။
အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးသောင်းဝန်းကျင် သေဆုံးခဲ့သည်ဟု NUG က ထုတ်ပြန်ထားပြီး သံလွင်ခက်အနေဖြင့် သီခြားအတည်ပြုထားနိုင်ခြင်းမရှိသေးပေ။
ပုံစာ− စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကပ်ခဲ့သည့် လက်ကမ်းစာစောင်။
Photo -Crd
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1263
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4728
Website ->https://eng.thanlwinkhet.net