သဇင်
မေလ ၂၄၊ ၂၀၂၃။
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲချခဲ့သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ယနေ့တွင် ထုတ်ပြန်ထားသည်။
ယမန်နေ့ (မေလ ၂၃) ရက်၊ ည ၉ နာရီခွဲခန့်တွင် စစ်ကောင်စီလေတပ်မှ မိုးဗြဲစစ်ဘေးရှောင်စခန်းအားတိုက်လေယာဉ်ဖြင့် (၂) ကြိမ် လာရောက်ဗုံးကြဲချခဲ့ရာ စစ်ရှောင်စခန်းရှိ နေအိမ် (၂) လုံး ပျက်စီးဆုံးရှုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တဆက်တည်းတွင် တာဝေးပစ် လက်နက်ကြီးဖြင့်လည်း အကြိမ်ပေါင်းများစွာ ပစ်ခဲ့သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကို ပြောသည်။
“ထိခိုက်မှုတော့ မရှိပါဘူး။စစ်ရှောင်စခန်းနားကို နေ့စဉ် လက်နက်ကြီးပစ်တာပါ။တိုက်ပွဲဖြစ်တာလဲ လုံးဝမရှိဘဲလာပစ်နေတာပါ။”ဟု ၎င်းကပြောသည်။
ထို့ပြင် မေလ ၂၂ ရက် ညနေပိုင်းကလည်း လမ်းပေါ်တွင် ဖြတ်သန်းလာသော ကုန်တင်ယာဉ်တစ်စီးကို မိုးဗြဲစက်တော်ရာတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခဲ့ရာ ယာဉ်အကူတစ်ဦး သေဆုံးပြီး ယာဉ်မောင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း ၊ဖယ်ခုံမြို့နယ် နှင့် ကရင်နီပြည်ရှိ စစ်ဘေးရှောင်ရှိရာနေရာများနှင့် ဆေးရုံများကို မကြာခဏ ပစ်မှတ်ထား တိုက်နေသည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၃ခုနှစ် မတ်လမှ မေလ တတိယပတ်အထိ ကရင်နီပြည်နှင့် ရှမ်းပြည်တောင်ပိုင်းရှိ ဆေးရုံဆေးပေးခန်း လေးခုပျက်စီးဆုံးရှုံးခဲ့သည်ဟု ဒေသအခြေစိုက်စစ်တမ်းကောက်ယူသူများက ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ကလည်း ကရင်နီ (ကယား)ပြည်နယ်နှင့် ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်အနောက်ခြမ်းရှိ ဆောင်းဖွေးကျေးရွာက ကိုယ်ထူကိုယ်ထကျေးရွာဆေးပေးခန်းကို စစ်ကောင်စီက (၃)ကြိမ်ဗုံးကြဲတိုက်ခဲ့ရာ သူနာပြုတစ်ဦးအပါဝင် သုံးဦးဒဏ်ရာရရှိခဲ့သည်။
ပုံစာ– လေကြောင်းတိုက်ခံရမှုကြောင့် ပျက်စီးခဲ့သည့် စစ်ရှောင်စခန်းရှိနေအိမ်မြင်ကွင်း။
Photo -MBPDF
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1177
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4551
Website ->https://eng.thanlwinkhet.net