သံလွင်ခက်
မေ ၂၄ ၊ ၂၀၂၃ ။
ရန်ကုန်တွင် မီးပျက်မှု၊ မီးမမှန်မှုအကြောင်းများကို လူမှုကွန်ရက်၌ Live လွှင့် ပြောဆိုခဲ့သည့် အဆိုတော်ဗျူဟာကိုဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက ပုံများနှင့်တကွ ဖော်ပြထားသည်။
ကိုယ်ပိုင်ရေး တေးသီချင်းများ၊ ပြန်ဆိုတေးများဖြင့် ပရိတ်သတ်အားပေးမှုများနေသည့် အဆိုတော် ဗျူဟာသည်ယမန်နေ့ညပိုင်း၌ ” ရန်ကုန် မြို့ ကို လျှပ်စစ် မီး ၅ နာရီခြား ခွဲတန်းနဲ့ပေးတာတောင် အဖြစ်ရှိ အောင်မပေးနိုင်တော့တဲ့ကောင်တွေကို မီးပျက်လို့ ဆဲတယ်ကွာ၊ ဗထူးအိမ်ရာ 2 …48 ရပ်ကွက်၊ မြောက်ဒဂုံ “စသည့် စာသားများတင်၍လူမှုကွန်ရက်တွင် Live လွှင့်ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုတော်ဗျူဟာသည် ယင်းနေ့ညတွင်ဖမ်းဆီးခံရပြီး ၎င်းအား ဖမ်းဆီးထားသောပုံများဖြင့် “အခုတော့မျက်နှာငယ်လေးနဲ့ပါလားဟ ” စသည့်စာသားတချို့ပါသည့် စာများဖြင့် စစ်ကောင်စီဝါဒဖြန့်ချန်နယ်များက ဖော်ပြထားသည်။
မီးပျက်ကြောင်းကိုပြောဆိုသူအား ဖမ်းဆီးခဲ့သည့်စစ်ကောင်စီ၏ လုပ်ရပ်နှင့်ပတ်သက်၍ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူအမျိုးသားတစ်ဦးက “စစ်တပ်က အသုံးမကျလို့ မကျဘူးပြောတာ ဖမ်းတယ်ဆိုတော့အပြောမခံနိူင်ရင် အသုံးကျအောင်လုပ်လေ။ ရန်ကုန်မှာ မီးကဘယ်လောက်ဆိုးလဲတော့ နာရီဝက်လောက်ပဲလာတယ်။ ငါးနာရီလောက်ပျက်တယ်။ တစ်ခါတလေ လာချင်မှလဲလာတယ်။ မီးကမလာ နေကပူနဲ့ ရေကပျက်နဲ့ နေရတဲ့လူတွေ ဘယ်လောက်ဒုက္ခရောက်နေလဲ သိလား။ အဲဒီလိုသာဖမ်းနေရင် ထောင်ဆန့်မှာမဟုတ်ဘူး“ဟု ပြောဆိုသည်။
မီးပြတ်ကြောင်းကို ပြောဆိုခဲ့သည့် အဆိုတော် ဗျူဟာသည် နာမည်ကြီးတေးရေးဆရာ နိုင်မြန်မာ၏ သားဖြစ်ပြီး၎င်းအား မည့်သည့်အကြောင်း၊ ကိစ္စ၊ ပုဒ်မများဖြင့် ဖမ်းဆီးခဲ့ခြင်းကို စစ်ကောင်စီဘက်က ညနေ၄နာရီထိ သတင်းမထုတ်ပြန်လာခြင်းမရှိသေးပေ။ ထို့ပြင်သံလွင်ခက်အနေဖြင့်လည်း စစ်ကောင်စီ၏သက်ဆိုင်ရာမြို့နယ်တပ်ဖွဲ့ဝင်များထံဆက်သွယ်မေးမြန်းခဲ့ရာတွင်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
စာ–အဆိုတော်ဗျူဟာကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်များက ဖော်ပြထားသည့် အဆိုတော်ဗျူဟာပုံ။
***********
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1178
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.net/?p=4554
Website ->https://eng.thanlwinkhet.net