သံလွင်ခက်
မေ ၂၃ ၊ ၂၀၂၃ ။
ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် အခြေအနေများကို စာရင်းကောက်ယူနိုင်ရန် ခက်ခဲနေကာ မုန်တိုင်းအပြီး ၉ရက်မြောက်နေ့ ယနေ့တွင်ပျက်စီးမှုစာရင်း ၁၅၀၀ ကျော်ထိထပ်တိုးရရှိခဲ့သည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ -INTERIM CHIN NATIONAL CONSULTATIVE COUNCIL – ICNCC က ထုတ်ပြန်လာသည်။
ICNCC က မိုခါမုန်တိုင်းအပြီးသုံးရက်မြောက်နေ့ မေလ ၁၇ ရက်တွင် ချင်းပြည်နယ် မြို့နယ်ရှစ်ခုမှ ပျက်စီးမှုစာရင်းများကို ထုတ်ပြန်ခဲ့ရာ ၁၈၀၀ ကျော်သာရှိခဲ့သော်လည်း ထပ်မံရရှိသော စာရင်းများကို ယနေ့ မေ၂၃ရက်၌ကြေညာခဲ့ရာ ပျက်စီးမှု ၃၄၀၀ ကျော်ထိရှိလာခဲ့သည်။
စာရင်းများအရ ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် မတူပီမြို့နယ်၌ ပျက်စီးမှုအရေအတွက် ၁၃၀၀ ကျော်ဖြင့်အများဆုံးဖြစ်ပြီး လက်ရှိချိန်ထိ စာရင်းမလုပ်နိုင်သည့် ကျေးရွာများကျန်ရှိသေးသည်ဟု ချင်းပြည်နယ်ရှိတော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သော ချင်းဒေသကာကွယ်ရေးတပ်မတော်(CDF)မှ မတူပီဒေသခံ တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
” မြို့ထဲနဲ့ မြို့နဲ့နီးတဲ့ရွာတွေဆို ကျွန်တော်တို့ စာရင်းမလုပ်နိုင်ဘူး ” ဟု ၎င်းက ဆိုသည်။
မတူပီမြို့နယ်တွင် ကျေးရွာပေါင်း ၄၂ရွာမှ နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ/ဆေးခန်း၊ စပါးကျီ စသည့်အဆောက်အဦး ၁၂၀၀ ကျော်ပျက်စီးခဲ့ရသည်ဟု ဒေသခံသတင်းအရင်းအမြစ် မတူပီတိုင်းမ်က ယမန်နေ့တွင် ဖော်ပြထားသည်။
ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးမှုများမှာ မတူပီမြို့နယ်ပြီးလျင် မင်းတပ်မြို့နယ်က ပျက်စီးမှု၁၀၀၀ နီးပါးဖြင့် ဒုတိယအများဆုံးဖြစ်သည်။ ၎င်းနောက်တွင် ပျက်စီးမှုစာရင်းများအဖြစ် ပလက်ဝမြို့နယ်က၄၀၀ ကျော်၊ ကန်ပက်လက်မြို့နယ်က ၂၀၀ ကျော်၊ ဖလမ်းနှင့်ဟားခါးမြို့နယ်များက ၁၀၀ ကျော် ၊ တီးတိန်မြို့နယ်က ၅၀ ကျော်နှင့် ထန်တလန်မြို့နယ်က ၄၀ ကျော်ရှိသည်ဟု ICNCC၏ ဖော်ပြချက်အရသိရသည်။
မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သောချင်းပြည်နယ် မြို့နယ် ၈ ခုရှိသည့်အနက် စစ်ကောင်စီက မတူပီ ၊ ပလက်ဝ ၊ ဟားခါးနှင့်တီးတိန်မြို့နယ်များကိုသာ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ်ကြေညာခဲ့ပြီး ထိခိုက်မှုပျက်စီးမှု ဒုတိယအများဆုံး မင်းတပ်မြို့နယ်နှင့် ထိခိုက်ပျက်စီးမှု စတုတ္ထအများဆုံး ကန်ပက်လက်မြို့နယ်တို့ ပါဝင်လာခြင်း မရှိပေ။
ထို့ပြင် စစ်ကောင်စီက ချင်းပြည်နယ်အတွင်းရှိ သဘာဝဘေးကျရောက်သည့်မြို့နယ်များအဖြစ် ကြေညာထားသော မြို့နယ်လေးခုအတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာအနီးကပ်ကြီးကြပ်ကွပ်ကဲရန် ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးနှင့် ဗိုလ်ချုပ်သုံးဦးကို တာဝန်ပေးအပ်ကြောင်း မေလ ၁၈ရက်တွင် ထုတ်ပြန်ထားသည်။
ထိခိုက်ပျက်စီးမှုများသည့် မြို့နယ်တချို့ စစ်ကောင်စီ၏ သဘာဝဘေးကျရောက်သည့်မြို့နယ်များအဖြစ်ကြေညာမှုတွင် မပါဝင်လာမှုနှင့် စစ်တပ်အရာရှိများကို အနီးကြပ်ကြီးကြပ်ရန် တာဝန်ပေးလာမှုများသည် မုန်တိုင်းကြောင့် ပျက်စီးမှုများကို အခွင့်ကောင်းယူ၍ နိုင်ငံရေးအမြတ်ထုမှုများ ရှိလာနိုင်သည်ဟု ချင်းအဖွဲ့အစည်းများ၏တာဝန်ရှိသူတချို့က ပြောဆိုကြသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းဖြစ်သူ ICNCC အလှည့်ကျသဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်က ” စကစ ၏ လုပ်ရပ်နှင့်ပတ်သက်၍ သတိထားစရာတွေရှိပါသည်။ လူသားချင်းစာနာမှုအကူအညီကို ခေါင်းစဥ်တပ်ပြီး ချင်းပြည်နယ်အတွင်း အင်အားအလုံးအရင်းဖြင့် ဝင်လာခွင့်ဖြစ်သည်။ သူတို့ဝင်လာရင်း ဒေသကိုထိန်းချုပ်ဖို့ကြိုးစားမည်။ ဒေသခံကာကွယ်ရေးအဖွဲ့များက ခုခံလျင် လူသားစာနာမှုအကူအညီ မရောက်ရှိခြင်းသည် ဒေသခံတော်လှန်ရေးအဖွဲ့များကြောင့်ဖြစ်သည်ဟု ခေါင်းစဥ်တပ် စွပ်စွဲပါလိမ့်မည် “ဟု လူမှုစာမျက်နှာတွင်သတိပေးဖော်ပြထားသည်။
ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်သည့် မတူပီမြို့နယ်ကို စစ်ကောင်စီက သဘာဝဘေးကျရောက်သည့်မြို့နယ်အဖြစ်ဒုတိယနေရာတွင် ဖော်ပြထားပြီး ပြန်လည်ထူထောင်ရေးဆိုင်ရာအနီးကပ်ကြီးကြပ်ကွပ်ကဲရန် ဗိုလ်ချုပ် ခင်မောင်အေးကို တာဝန်ပေးထားသည်။
” သူတို့ အကူအညီပေးမယ်ဆိုရင် မြို့ပေါ်နဲ့ မြို့အနီးက ရွာတစ်ရွာ နှစ်ရွာလောက်ပဲ ပေးနိုင်မှာပဲ ။ CDF ထိန်းချုပ်နယ်မြေတွေထဲက ရွာတွေကိုတော့ ပေးနိုင်မှာမဟုတ်ဘူး။ ပေးမယ်ဆိုရင် ရွာက ပြည်သူတွေက မြို့ပေါ်တက်ယူမှ ရမှာ။ ပြည်သူတွေက သွားရဲမလားမသေချာဘူး ။ ပြည်သူတွေကို ကူညီသလိုနဲ့ မက်လုံးပေးပြီး သူတို့ဆီရောက်မှဖမ်းလား စစ်လား လုပ်မှာကိုပဲ စိုးရိမ်ရတာ” ဟု မတူပီ CDF တပ်ဖွဲ့ဝင်တစ်ဦးက ပြာသည်။
စစ်ကောင်စီက ပြန်လည်ထူထောင်ကူညီရေးကို အကြောင်းပြု၍ စစ်ကြောင်းထိုး အင်အားတိုးချမှုများရှိလာလျင်အသင့်ပြင်ဆင်ထားသည်ဟုလည်း ၎င်းကဆက်လက်ပြောကြားသည်။
ချင်းပြည်နယ်တွင် ကျေးရွာများအားလုံးနီးပါးကို ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားပြီး စစ်ကောင်စီအနေဖြင့် မြို့ပေါ်နှင့် တချို့တပ်စခန်းများအတွက် ရိက္ခာနှင့်စစ်လက်နက်များပေးပို့ရန်အတွက်ပင်အခက်အခဲဖြစ်နေသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ရေးသားထားသည်။
ပြီးခဲ့သော မတ်လတွင် ချင်းပြည်နယ်တောင်ပိုင်း မတူပီဗျူဟာနှင့် ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာတို့အတွက် စစ်သည်၊ လက်နက်၊ ရိက္ခာများပို့ရန်ကားအစီးရေ ၁၀၀ ကျော်ဖြင့်တက်လာခဲ့ရာ ဟားခါးဗျူဟာသို့သွားသည့် ယာဥ်တန်းမှာ အားလုံးပျက်စီးသွားခဲ့သည်။
တော်လှန်ရေးအင်အားစုများနှင့်တိုင်ရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဒေသများအတွက် မုန်တိုင်းသင့်ပြည်သူများအား နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို တော်လှန်ရေးအင်အားစုများမှတစ်ဆင့်ပေးအပ်မှသာ ပိုမိုထိရောက်မည်ဖြစ်သည်ဟု ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။
” နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ အမြန်ဆုံးပေးနိုင်ဖို့ လိုတယ်။ အဲဒီလိုပေးတဲ့အခါမှာ ဒီဒေသမှာရှိတဲ့ ပြည်သူ့အဖွဲ့အစည်းတွေဆီရောက်နိုင်ဖို့ လိုတယ်။ အခု ရခိုင်နဲ့ချင်းဆိုတာက တော်တော်များများဟာ တော်လှန်းရေးအဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့နေရာတွေ များတယ်။ ဒါကြောင့် နိုင်ငံတကာအကူအညီဆိုတာလည်း တော်လှန်ရေးအဖွဲ့အစည်းတွေကနေ တဆင့် ရသင့်တယ်။ စကစ ဘက်ကိုပေးလိုက်မယ်ဆိုရင်တော့ ဘာမှလည်းဖြစ်လာမှာမဟုတ်ဘူး။ ဘာမှလည်းရလိုက်မှာမဟုတ်ဘူး “ဟု ၎င်းကသံလွင်ခက်ကိုပြောသည်။
ချင်းပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့်ချိတ်ဆက်လုပ်ဆောင်နေပြီး ချင်းပြည်နယ်အတိုင်ပင်ကောင်စီ ပြည်နယ်အဆင့်ကော်မတီ ဖွဲ့စည်း၍လုပ်ဆောင်နေသည်ဟုလည်း ICNCC သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။
မေလ ၁၄ ရက်တွင်ဝင်ရောက်ခဲ့သော မိုခါမုန်တိုင်းကြောင့် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ထိခိုက်ပျက်စီးမှုရခိုင်ပြည်နယ်ပြီးလျှင် ဒုတိယအများဆုံးဖြစ်သည့် ချင်းပြည်နယ်တွင် လက်ရှိအချိန်ထိ နိုင်ငံတကာကူညီမှုများရရှိသည့်သတင်းများ မတွေ့ရှိရသေးဟု ဒေသခံများက ပြောသည်။
” အခုထိတော့ အဖွဲ့အစည်းတွေကနေ ကူညီမှုပေးနေတာ မကြားမိသေးဘူး။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ မရတော့ ကူညီမှု ရရှိနေလား၊ မရရှိလားဆိုတာ သေချာ မသိရဘူး “ဟု မင်းတပ်မြို့ခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
ချင်းပြည်နယ်၉မြို့နယ်အတွက် ကနဦးအရေးပေါ်ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ပေးအပ်ထားဖြစ်သည်ဟု NUG လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနက မေလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်သည် စစ်အာဏာသိမ်းစအချိန်မှစ၍ တိုက်ပွဲများပြင်းထန်ခဲ့ဆုံးပြည်နယ်များတွင် ပါဝင်ခဲ့ပြီး ဒေသခံပြည်သူအများစုမှာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1165
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4509
Website ->https://eng.thanlwinkhet.net