သံလွင်ခက်
မေ ၂၃၊ ၂၀၂၃။
မြန်မာနိုင်ငံနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နယ်မြေခံရဲများနှင့် လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ယခုရက်သတ္တပတ်အတွင်း စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသားများထံက သိရသည်။
အဆိုပါပူးပေါင်းအဖွဲ့များသည် မြို့တွင်း သွားလာသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာဈေးဆိုင်အချို့ကိုပါ ဝင်ရောက်စစ်ဆေးမှု ပြုလုပ်နေသည်ဟု မဲဆောက်တွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“နေရာတိုင်း ရဲတွေချထားတယ်၊ မနေ့က ဈေးထဲမှာ ဟင်းသွားဝယ်တော့ ဆိုင်ကယ်နဲ့ ရဲနှစ်ယောက်က မြန်မာဆိုင်တစ်ခုကို ဝင်စစ်နေတာ တွေ့ခဲ့တယ်” ဟု ၎င်းကပြောသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ယမန်နေ့ မေလ ၂၂ ရက်နေ့က မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးခဲ့သည်ဟု တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့၏ လူမှုကွန်ယက် ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
တာ့ခ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေး အဖွဲ့နှင့် နယ်မြေလုံခြုံရေး အေဂျင်စီများ ပူးပေါင်းပြီး နယ်မြေ စစ်ဆေးရေးပြုလုပ်စဉ် အလုပ်လုပ်ခွင့်ထောက်ခံချက်မရှိဘဲ လုပ်ငန်းလုပ်ကိုင်သဖြင့် မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။
ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများသည် တာ့ခရိုင်၊ မဲတောင်မြို့နယ် ကျေးရွာအုပ်စု အမှတ် ၃ တွင် ရှိသည့်စက်ရုံအလုပ်သမားများဖြစ်ပြီး ဥပဒေအရ တရားစွဲဆိုနိုင်ရန် မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းခဲ့သည်ဟု ဆိုသည်။
မဲဆောက်မြို့တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေး အဖွဲ့ဝင်များနှင့် နယ်မြေခံရဲများသည် မကြာခဏ စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ယခုလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ထိ စစ်ဆေးရေးတင်းကြပ်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
Photo Crd-မြန်မာလုပ်သားများကို ထိန်းသိမ်းထားသည့်မြင်ကွင်း။
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1166
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4512
Website ->https://eng.thanlwinkhet.net