သံလွင်ခက်
မေ ၂၂ ၊ ၂၀၂၃ ။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးနှစ်ဦးသေဆုံး၍ ၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်၏ အင်အား ၇၀ ဝန်းကျင်ရှိ ခမရ ၄၁၅ စစ်ကြောင်းသည် ကသာမြို့နယ် မိုးတားတိုက်နယ်အတွင်းသို့ စစ်ကြောင်းထိုးလာခဲ့ရာ မေလ ၁၈ ရက်ညနေပိုင်းတွင် မင်းလယ်ရွာနှင့် ကဒတ်ချောင်းရွာကြားတွင်ကာကွယ်ရေးတပ်ဖွဲ့များနှင့် နာရီဝက်ခန့်အကြာ ထိတွေ့မှု ဖြစ်ပွားခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်က မင်းလယ်ကုန်းပေါ်တက်၍ ည ၈နာရီခန့်၌ စစ်ကြောင်းပြန်အဆင်းတွင် ယာခင်းတဲများတွင်ပုန်းနေသည့် ပြည်သူများကို ပစ်ခတ်သွားခြင်းဖြစ်သည်ဟု မိုးတားတိုက်နယ် ပ.က.ဖ ဒုတာဝန်ခံ အိန်ဂျလာက သံလွင်ခက်ကို ပြောသည်။
” သူတို့က ခါတိုင်းဆို မင်းလယ်ကုန်းမှာ ညအိပ်စခန်းချနေကြ။ အဲ့နေက ညမအိပ်ဘဲဆက်ထွက်တာ။ အဲ့မှာ အခင်းထဲမှာ ပုန်းနေတဲ့ပြည်သူတွေကလည်း သူတို့တွေ အဲ့လိုတစ်ခါမှ မထွက်ဖူးတဲ့အခါကျတော့ စစ်ကြောင်းလည်းထွက်လာပြီဟေ့ဆိုရော တအားလည်း ဝေးဝေးလံလံ ပုန်းလို့မမီတော့ဘူး။ ကိုယ့်ရဲ့ တဲအိမ်အောက်နားလေးတွေ နွားတင်းကုပ်အနောက်နားလေးတွေမှာပဲ ဝပ်ပြီး ပုန်းနေကြတာ။ အဲ့မှာ ဖုန်းမီးရောင်ပြီးတော့မှ ပစ်သွားတာ “ဟု အိန်ဂျလာက ပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းပစ်ခတ်မှုကြောင့် ဒေါ်ညိုညို (၅၃ နှစ်) နှင့် မအေးအေးအောင် (၂၈ နှစ်)တို့သည်ရင်ဘတ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပွဲချင်းပြီး သေဆုံးသည်။
အသက် ၅၃ နှစ်အရွယ်အမျိုးသားတစ်ဦး၊ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး နှင့် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးတို့မှာ ရင်ဘတ်၊ ပေါင်၊ ဆီးခုံ၊ လက်မောင်း တို့တွင်ဒဏ်ရာများရရှိပြီး ဒဏ်ရာပြင်းထန်၍ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်။
အသက် ၄၈ နှင့် အသက် ၁၂ အရွယ်အမျိုးသမီးနှစ်ဦးမှာ ထွက်ပြေးခဲ့သွားခဲ့ပြီး သုံးရက်ကျော်အကြာ သတင်းမရဖြစ်နေခဲ့ရာမှ အသက်ရှင်လျက်ရှိနေကြောင်းနှင့် ရင်ဘတ်နှင့်နားရွက်တို့တွင် ရှပ်ထိဒဏ်ရာများသာရရှိခဲ့ပြီးဒဏ်ရာမစိုးရိမ်ရကြောင်း သိရှိရသည်ဟု ယနေ့နံနက်ပိုင်းတွင် မိုးတားတိာက်နယ် ပ.က.ဖ ဒုတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် မြေနုဘုရားဘုန်းပေါ်တွင် ရောက်ရှိနေပြီး စစ်ကြောင်းတစ်လျောက်ရွာများနှင့်အနီးအနားဝန်းရှိရွာများမှ ဒေသခံများ ထွက်ပြေးနေကြရသည်ဟု သိရသည်။
ပုံစာ–စစ်ကောင်စီတပ်စစ်ကြောင်း ပစ်ခတ်သွားသည့် ဒေသခံပြည်သူများအား ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ကြည့်ရှုမှု။
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1143
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4457
Website ->https://eng.thanlwinkhet.net