သံလွင်ခက်။
မေ ၂၂၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် စစ်ကောင်စီတပ်ရင်း အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ မေလ ၂၂ ရက် မနက် ၁ နာရီကျော်အချိန်တွင် စစ်ကောင်စီ ခလရ ၆၈ တပ်ရင်း၊ ဝန်တင်တင်ရင်းများ အခြေစိုက်ရာ လားရှိုးမြို့၊ ၁၂ ရပ်ကွက် ၊ အေတီတံတားအနီးဝန်းကျင်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
၎င်းက ” ၁ နာရီကျော်ကျော်လောက်မှာ ၂ကြိမ် ၊ ၇ လုံးပစ်သွားတာ။ ခြေလျင်တပ်ရင်းအခြေစိုက် ဝန်တင်တပ်ကို ဦးတည်ပစ်တာလို့ထင်တယ် ” ဟုဆိုသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဝန်တင်တပ်ရင်း ရှေ့တွင်ရှိသည့် အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် လူနေအိမ်တချို့ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်နေရာကို စစ်ကောင်စီက ဝင်ရောက်ခွင့် ကန့်သတ်ထားသည့်အတွက် ထိခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးဟု လားရှိုးမြို့ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က လားရှိုးမြို့နယ်၊ ပန်မွန်းကျေးရွာအနီး၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။
ပုံစာ – လက်နက်ကြီးပေါက်ကွဲသည့်အနီးတဝိုက်မှ ပျက်စီးမှုမြင်ကွင်း။