သံလွင်ခက်
မေ ၂၀ ၊ ၂၀၂၃ ။
အင်အား၁၀၀ ကျော်ရှိ RCSS တပ်ဖွဲ့ဝင်များက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA တပ်စခန်းတစ်ခုကို လာရောက်ကျူးကျော်တိုက်ခိုက်ခဲ့သဖြင့် ယနေ့နံနက်အစောပိုင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PNLO ပြောခွင့်ရ ဗိုလ်မှူးခွန်မင်းသိန်းက သံလွင်ခက်ကိုပြောသည်။
ယနေ့ မေလ ၂၀ ရက်၊ နံနက်၅နာရီခန့်အချိန်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ထိန်းချုပ်နယ်မြေတွင်းသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ အင်းအား ၁၀၀ ကျော်ဖြင့် ကျူးကျော်ဝင်ရောက်လာပြီး ထီဖက်နံ PNLA တပ်စခန်းကို လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
” RCSS ထိန်းချုပ်နေရာက မုန်းထ၊ မုန်းထော်ပေါ့နော်အဝေးကြီးပါ။ အခုလာတိုက်တဲ့နေရာက သူတို့ပင်မလှုပ်ရှားတဲ့နေရာနဲ့ဆို မိုင် ၆၀၊ ၇၀မကဝေးပါတယ်” ဟု ဗိုလ်မှူးခွန်မင်းသိန်းကပြောသည်။
RCSS တပ်ဖွဲ့ဝင်များသည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာဖက်မှ ကားနှစ်စီးဖြင့်လာရောက်၍ PNLA တပ်စခန်းကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး PNLA တပ်ဖွဲ့က ပြန်လည်ခုခံတိုက်ခိုက်ရာ အချိန် ၂ နာရီ ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
နံနက် ၇နာရီခန့်တွင် RCSS တပ်ဖွဲ့သည် နမ့်ယမ်နှင့်လေခွင် ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာ၍ လက်ရှိ တွင် ပအိုဝ်းကျေးရွာတွင်းသို့ ဝင်ရောတပ်စွဲနေပြီး ဒေသခံများအား ရွာပြင်ထွက်ခွင့်မပေးကြောင်းနှင့် ၎င်းတို့ တပ်အင်အားထပ်မံ ဖြည့်တင်းနေကြောင်းသိရှိရသည်ဟု PNLO က ထုတ်ပြန်ထားသည်။
” ဒေသခံတွေရဲ့ အခြေအနေဘာမှ မသိရဘူးဗျ။ အခုတော့ ရွာပြင်ပေးမထွက်ဘူးလို့ပဲ နောက်ဆုံးသိထားတယ်။PNLO တွေရွာထဲဝင်လာလို့မရအောင် လူသားဒိုင်းပြုလုပ်ထားတာ ဖြစ်နိုင်တယ် “ပအိုဝ်းဒေသခံအမျိုးသားတစ်ဦးက နံနက် ၁၁နာရီခန့်တွင် သံလွင်ခက်ကို ပြောသည်။
လက်ရှိတွင်စစ်ရေးတင်းမာနေသည့် အခြေအနေဖြစ်သောကြောင့် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပတ်သက်၍ နှစ်ဖက် ထိခိုက်ကျရှုံးမှု အခြေအနေကိုမသိရသေးဟု PNLOက ထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်၍ လည်း RCSS ထံ သံလွင်ခက်က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်းလတ်တလောတွင် အဆက်အသွယ်မရရှိသေးပေ။
RCSS တပ်ဖွဲ့ဝင်များသည် PNLO ထိန်းချုပ်နယ်မြေအတွင်းကို ယခုနှစ်တွင်း၌ ခကြာခဏဝင်ရောက်မှုများရှိနေသည့်အပြင် မိုင်းထောင်မှုများကြောင့် တောင်ယာလုပ် ပအိုဝ်းဒေသခံများ မိုင်းထိမှန်၍ ထိခိုက်ဒဏ်ရာရရှိမှုများရှိနေသည်ဟု သိရသည်။
ထို့သို့ RCSS ဘက်က ပြုလုပ်နေမှုများနှင့်ပတ်သက်၍ PNLO ပြောခွင့်ရ ဗိုလ်မှူးခွန်မင်းသိန်းက ” ဒီကိစ္စတွေကတော့ ရှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်မှုကိုထိခိုက်စေတယ်။ ယုံကြည်မှုကိုလည်းအများကြီး ပျက်ပြားစေပါတယ်“ဟု သံလွင်ခက်ကိုပြောသည်။
RCSS သည် ပအိုဝ်းနယ်မြေထဲသို့ ကျူးကျော်လာပြီး PNLO တပ်စခန်းအား လာရောက်တိုက်ခိုက်ခြင်း တောင်ယာများအတွင်း မိုင်းများထောင်ထားခြင်းကြောင့် ငြိမ်းချမ်းသည့် ပအိုဝ်းဒေသတွင် လက်နက်သံပြန်ကြားနေရပြီးလူထုများလည်း ကြောက်လန့်နေရလျက်ရှိကြောင်းနှင့် RCSS ထောင်ထားသည့် မိုင်းကို နင်းမိသဖြင့် ကဒူးကြီးဒေသ ရန်ကင်းကျေးရွာမှ လသားကလေးငယ်အပါအဝင် ဒေသခံသုံးဦးမှာ လက်ရှိအချိန်ထိ PNLO ဆေးဌာနတွင်ဆေးဝါးကုသမှုခံယူနေရလျက်ရှိသည်ဟု ပအိုးဝ် ဒေသခံPNLAသတင်းက ဖော်ပြထားသည်။
ပုံစာ– ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLA တပ်ဖွဲ့ဝင်များ။
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1132
YouTube -> https://youtu.be/poskqzhNEsQ
Website -> https://thanlwinkhet.net/?p=2373
Website ->https://eng.thanlwinkhet.net