သံလွင်ခက်။
မေ ၂၀၊ ၂၀၂၃။
စစ်ကောင်စီ ပစ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ( ခလယ်လွီထူခရိုင် ) တပ်မဟာ (၃)၊မုန်းမြို့နယ်( မူးမြို့နယ် )အတွင်းက အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ဒေသခံ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ထုတ်ပြန်သည်။
မေလ(၁၈)ရက်၊ နံနက်(၈)နာရီအချိန်တွင် စစ်ကောင်စီတပ် ခမရ-၅၉၉၊ ခမရ-၅၉၀၊ တပ်မ-၄၄နှင့် ခလရ-၄၈ တပ်ပေါင်းစုတို့သည် မုန်းမြို့နယ် ( မူးမြို့နယ်)ရှိ စဝေ၊ ကျွန်းတောကျေးရွာ အတွင်းဝင်ရောက်ရန်အတွက် လက်နက်ကြီး(၂၅)လုံးကို ကျေးရွာတွင်းသို့ အဆက်မပြတ် ပစ်ခဲ့သည်ဟု ဆိုသည်။
တစ်ဆက်တည်းတွင် ညောင်ပင်သာကျေးရွာအတွင်း လက်နက်ကြီး(၅)လုံး ထပ်မံပစ်ခဲ့သည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့်အသက်(၁၄) နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး အသက်(၄၇)နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက်(၁၈)နှစ်အရွယ် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ထို့ပြင် ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးနှင့်ဘုန်းကြီးကျောင်း (၁) ကျောင်းလည်း လက်နက်ကြီး ထိမှန်ပျက်စီးကာ နွားတစ်ကောင်လည်း လက်နက်ကြီး သေဆုံးခဲ့သည်။
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ပေါင်းစုသည် ကျေးရွာတွင်းသို့ ဝင်ရောက်နေရာယူပြီး အထိုင်ချလျက်ရှိသည်ဟု ဒေသခံများထံကသိရသည်။
မေလ ၁၆ရက်နှင့် ၁၇ရက်နေ့ကလည်း စစ်ကောင်စီ ခလရ ၆၀တပ်မှ တပ်ဖွဲ့ဝင်များသည် နှောင်ကုန်းကျေးရွာ၊တောင်စုကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခဲ့သည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်မှုကြောင့် ကေအဲန်ယူ- မုန်းမြို့နယ် ( မူးမြို့နယ်) အတွင်းရှိ ကျေးရွာများဖြစ်သော စဝေ၊ နှောင်ကုန်း၊ တောင်စု၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်း၊ တပ်ကုန်းနှင့် ညောင်ပင်သာ စသည့်ကျေးရွာ (၉) ရွာမှ ဒေသခံ စုစုပေါင်း (၁၃၉၉၁) ဦး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။