ယမင်းဖူးပွင့်အောင်
မေ ၂၀၊ ၂၀၂၃။
အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းပြီး ၂နှစ်တာကာလတွင်း ငွေကျပ်သိန်းပေါင်း ခြောက်သောင်းခြောက်ထောင်ခန့်ကို လူသားချင်းစာနာမှုအကူအညီများအဖြစ် ပေးအပ်ခဲ့သည်ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က ထုတ်ပြန်သည်။
စတင်ဖွဲ့စည်းချိန်မှ ယခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ၂ နှစ်တာကလအတွင်း စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံများ၏ စစ်ကြောင်းထိုးမီးရှို့ဖျက်စီးမှုကြောင့် အခက်အခဲကြုံနေရသည့် စစ်ဘေးရှောင်ပြည်သူ နှစ်သိန်းကျော်ခန့်ကို ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။
ထို့ပြင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ပြည်သူများအတွက် ပြည်သူမှ ပြည်သူသို့လှူဒါန်းသည့် ရန်ပုံငွေများဖြင့်ယာယီတဲ ၂၂၃၉ လုံးဆောက်လုပ်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက်ဆုံးရှုံးမှုလျှော့ချနိုင်ရန် ဝန်ကြီးဌာနအနေဖြင့်ရန်ပုံငွေကျပ် သိန်းပေါင်း ၁၁၉၀ ခန့် အသုံးပြု၍ ကြားကာလ ပညာရေးဖော်ဆောင်နေသည့် စာသင်ကျောင်းများတွင် ဗုံးခိုကျင်း ၇၉၈ကျင်း တူးဖော်ပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတကာမှ လူသားချင်းစာနာမှု အကူအညီများရရှိနိုင်ရေးအတွက် စစ်ဘေးရှောင်ပြည်သူအများဆုံးရှိသည့်စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း (၃၉)မြို့နယ်တွင် လူသားချင်းစာနာကူညီမှုဆိုင်ရာ လိုအပ်ချက်ဆန်းစစ် လေ့လာပြီး အကောင်ထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။
ထို့ပြင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် တွေ့ဆုံမှုစုစုပေါင်းအကြိမ် (၃၀၀) ခန့်ရှိခဲ့ပြီး နိုင်ငံတကာခရီးစဉ်နှင့်လူတွေ့ တွေ့ဆုံဆွေးနွေးမှု (၁၀)ကြိမ် ရှိခဲ့သည်ဟု ထုတ်ပြန်အသိပေးထားသည်။
စိန်ခေါ်မှုများအားကျော်လွှားကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများအား စဉ်ဆက်မပြတ်ဖြည့်ဆည်းပေးလျက်ရှိပြီး ပြည်သူတရပ်လုံး၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ ရောက်ရှိသည်ထိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ယခုနှစ် မတ်လကုန်အထိ စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများကြောင့် နေအိမ်အလုံးပေါင်း ခြောက်သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု Data For Myanmar ကထုတ်ပြန်ထားသည်။
ပုံစာ–ကရင်နီပြည်တစ်နေရာတွင် MOHADM ၏ လမ်းညွှန်ချက်ဖြင့် ဗုံးခိုကျင်းတူးနေသည့်မြင်ကွင်း။
Photo -Crd
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1133
YouTube -> https://youtu.be/poskqzhNEsQ
Website -> https://thanlwinkhet.net/?p=4438
Website ->https://eng.thanlwinkhet.net