သံလွင်ခက်။
မေ ၁၈ ၊ ၂၀၂၃။
လက်ရှိနိုင်ငံရေး အကြပ်အတည်းကို ကျော်လွှားနိုင်ရန် ပါဝင်သင့် ၊ ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာရေး ဆွေးနွေးခဲ့သည်ဟု NCA အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားမဟာမိတ်အဖွဲ့၏ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ PPST ကထုတ်ပြန်သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO) (၇) ဖွဲ့ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မေလ ၁၇ ၊ ၁၈ နှစ်ရက်တာပြုလုပ်ပြီးနောက် ထုတ်ပြန်လာခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံရေးဆွေးနွေးပွဲများသည် အမျိုးသားရေးလုပ်ငန်းစဉ်နှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားသည့် ဒီမိုကရေစီဖက်ဒရယ် အခြေခံမူများပေါ်တွင် ခိုင်မာစွာရပ်တည်ရေး ဆွေးနွေးခဲ့သည်ဟုဆိုသည်။
၂၀၂၃ ခုနှစ်၊ မတ်လနှောင်ပိုင်းတွင် ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO) (၇) ဖွဲ့၏အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် စစ်ကောင်စီ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်ချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ( NSPNC ) တို့၏ အလွတ်သဘောအစည်းဝေးပွဲတွင် ရရှိခဲ့သည့်သဘောထားစုစည်းချက်များကို သုံးသပ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ချင်းမိုင်တွင်ပြုလုပ်ခဲ့သည့် ထိပ်သီး အစည်းအဝေးကို မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ တက်ရောက်ခဲ့သည်။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1110
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4389
Website ->https://eng.thanlwinkhet.net