ယမင်းဖူးပွင့်အောင်
မေ ၁၅၊ ၂၀၂၃။
မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် တိန်ညိုစစ်ရှောင်စခန်းကစစ်ဘေးရှောင်များ လတ်တလော နေထိုင်စားသောက်ရေး အရေးပေါ် အကူအညီ လိုအပ်နေသည်ဟု ကူညီသူများက ပြောသည်။
အဆိုပါ စစ်ရှောင်စခန်းက နေအိမ်များ အားလုံးပျက်စီးသွားပြီး လူဦးရေ ၂၈၆၂ ဦးရှိကာ လက်ရှိအချိန်အထိ ကူညီမည့် အလှူရှင်၊ အဖွဲ့အစည်းများမရှိသေးဟု စစ်ဘေးရှောင်များကပြောသည်။
နေအိမ်များ ပျက်စီးသွားသောကြောင့် စာသင်ကျောင်း၊ ရိက္ခာရုံနှင့် ဘုန်းကြီးကျောင်းများတွင် နေထိုင်နေကြရပြီး အချင်းချင်းဝေငှစားသောက်နေရကာ နောက်ရက်များအတွက် စားနပ်ရိက္ခာမလုံလောက်တော့ဟု တိမ်ညိုစစ်ရှောင်စခန်း၏ တာဝန်ရှိသူ ကိုကျော်မြက သံလွင်ခက်ကိုပြောသည်။
“တစ်ဦးနဲ့ တစ်ဦး ဝေငှပြီး စားနေရတဲ့ သဘောဖြစ်နေတယ်။ မနက်ဖြန်တစ်ရက်ဆို မလွယ်တော့ဘူး။ အလှူရှင်တွေတစ်ယောက်မှလည်းပေါ်မလာဘူး။ တစ်ဖွဲ့မှလည်း မမေးဘူး။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကူညီမယ့် အဖွဲ့အစည်းတွေ၊ အလှူရှင်တွေ အမြန်ဆုံးပေါ်ပေါက်ချင်ပါတယ်လို့ ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။
မုန်တိုင်းကြောင့် ဆန်စျေးနှုန်းများလည်း မြင့်တက်နေပြီး စစ်ရှောင်စခန်းပြည်လည်ထူထောင်နိုင်ရန် ဆောက်လုပ်ရေးပစ္စည်းများလည်း လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
ကိုကျော်မြက“အထက်ကလူကြီးတွေ၊ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ကျွန်တော်တို့ စစ်ဘေးရှောင်တွေရောက်နေတဲ့ ဒုက္ခကို မြင်စေချင်တယ်။ နောက်ပြီး နေစရာမရှိတဲ့အတွက် တဲတွေကို ပြန်လည်ဆောက်ပေးစေချင်ပါတယ်”ဟု ပြောသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ရခိုင်ကမ်းရိုးတန်းကို မေလ ၁၄ ရက်နေ့က စတင်ဝင်ရောက်ခဲ့ပြီး အဆိုပါ မုန်တိုင်းကြောင့်စစ်တွေတွင် လူနေအိမ် တစ်သောင်းခန့် ပျက်စီးခဲ့သည်ဟု ရခိုင်အခြေစိုက်ကူညီသူများထံက သိရသည်။
မုန်တိုင်းကြောင့် မြန်မာနိုင်ငံတစ်ဝန်း လူခြောက်ဦးသေဆုံးခဲ့ပြီး သဘာဝဘေးကူညီကယ်ဆယ်ရေးများလိုအပ်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရကလည်း ထုတ်ပြန်ထားသည်။
ပုံစာ – မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော စစ်ဘေးရှောင်စခန်းရှိ နေအိမ်များမြင်ကွင်း။
Photo – Crd
******************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1056
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4286
Website ->https://eng.thanlwinkhet.net