သဇင်
မေ ၁၅ ၊ ၂၀၂၃ ။
မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းနေချိန်၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် မိုးရေထဲနာရီပေါင်းများစွာ ထွက်ပြေးရှောင်တိမ်းခဲ့ရသဖြင့် ခင်ဦးစစ်ရှောင်အဖွားတစ်ဦး အမောဖောက်လှဲကျခဲ့သည်ဟု သိရသည်။
ယမန်နေ့ (မေလ ၁၄)ရက် နံနက်၆နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်းနေချိန် ခင်ဦးမြို့နယ် အနောက်ခြမ်းကျေးရွာများသို့ အင်းပတ်ကွေ့ဈေးတန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ် နှင့် ရွာသစ်ကုန်းမှ ပျူစောထီး ပူးပေါင်းအင်အား(၅၀)ခန့်က လက်နက်ကြီးငယ်များ ပစ်ခတ်၍ စစ်ကြောင်းထိုးခဲ့သောကြောင့် ဒေသခံသုံးထောင်ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ထိုအခြေအနေနှင့်ပတ်သက်၍ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက “ စစ်ကောင်စီတပ် အင်အား၅၀လောက်က လက်နက်ကြီးတွေသုံးပြီးတော့ချမ်းသာကုန်း ရွာထဲကိုဝင်တယ်။ အဲ့ကျေးရွာထဲမှာရှိတဲ့ စားသောက်ကုန်ပစ္စည်းတွေမတရားယူသွားတယ် တွေ့တဲ့ဖုန်းတွေကိုရောပဲ။ အင်းပတ်ရွာထဲကိုလည်း လက်နက်ကြီးငယ်တွေနဲ့ပစ်တာ လေးနှစ်အရွယ် ကလေးငယ်တစ်ဦး ပေါင်ကျည်ထိမှန်ပြီး ဆေးကုသမှုခံယူနေရပြီး စိုးရိမ်စရာအခြေနေမရှိတော့ဘူး”ဟု သံလွင်ခက်ကိုပြောသည်။
စစ်ကြောင်းထိုးမှုကြောင့် မိုးရေထဲ ထွက်ပြေးတိမ်းရှောင်နေကြသူများတွင် ကိုယ်ဝန်ဆောင်မိခင်များ၊သွေးနုသားနု မိခင်များ၊ကလေးငယ်များနှင့် သက်ကြီးရွယ်အို များစွာပါဝင်နေပြီး မိုးရေထဲ နာရီပေါင်းများစွာ နေရသည့်အတွက် အဖွားအိုတစ်ဦးလည်း အမောဖောက်လဲကျခဲ့ကာ ဆေးကုသပေးခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများကြောင့် ကျေးရွာပေါင်း ၇၄ ရွာ နေအိမ် ၅၀၀၀ ခန့်မီးလောင်ပြာကျခဲ့သည်။
မီးဘေးသင့်ပြည်သူတချို့သည် နေအိမ်များပြန်လည်ဆောက်လုပ်ရာတွင်လည်း အကြိမ်ကြိမ်ထပ်မံမီးရှို့ခံနေကြရသဖြင့် ယာယီတဲ့များဖြင်သာ နေထိုင်ကြရပြီး မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းချိန်တွင် အမိုးအကာများပျက်စီးမှုများ၊ မိုးမလုံမှုများနှင့်ကြုံကြရသည်ဟု သိရသည်။
” ကျနော်တို့မြို့နယ်တစ်ဝက်လောက်ကမီးလောင်ပြင်ကြီးဖြစ်သွားတာပေါ့။ဖြစ်သလိုစောင့်ထားရတဲ့ တဲအိမ်တွေက မိုးထဲလေထဲမှာဆိုတော့ အမိုးအကာတွေလှန်နေတော့ နေလို့မရတော့ဘူး။ အဲ့ဒါကြောင့်အနီးအနားရွာက အဆောက်အဦးခိုင်ခိုင်မာမာရှိတဲ့ ဘုန်းကြီးတွေ စာသင်ကျောင်းတွေမှာ ပြွတ်သိပ်ပြီးနေကြရတယ် ” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးတာဝန်ခံ ကိုနေသူရိန်က ပြောသည်။
မကြာခဏစစ်ကြောင်းထိုးခံနေရသည့် ခင်ဦးမြို့နယ်တွင် လက်ရှိမုန်တိုင်းကာလအတွင်းမှာပင် စစ်ကြောင်းထိုးခံနေရသည့်အပြင် မီးဘေးသင့် စစ်ဘေးရှောင်များလည်း နေရာထိုင်ခင်းတို့အတွက် အတည်တကျမရှိသည့်အခြေအနေဖြစ်သည်။
နေအိမ်များပြာဖြစ်သွားသည့် အိမ်ခြေ ၅၀၀၀ ခန့်မှ မီးဘေးသင့်ပြည်သူ နှစ်သောင်းကျော်ထိရှိနေပြီး၎င်းတို့အတွက် အဝတ်အထည် နှင့် စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိနေသည့်အတွက် မြို့နယ်အတွင်း၌ ကူညီပေးနေသည့်အဖွဲ့များအားဖြင့် မလုံလောက်ဘဲ ပြင်ပမှ အကူအညီများစွာ လိုအပ်နေသည်ဟု သိရသည်။
ပုံစာ – ယမန်နေ့တွင် စစ်ကြောင်းထိုးလာမှုကြောင့် မိုးရေထဲ ထွက်ပြေးရှောင်တိမ်းနေကြရသည့် ခင်ဦးဒေသခံများ။
******************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1060
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4286
Website ->https://eng.thanlwinkhet.net