သံလွင်ခက်
မေ ၁၄၊ ၂၀၂၃။
မိုခါမုန်တိုင်းအရှိန်ကြောင့် ချင်းပြည်နယ်မြို့နယ်တချို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများရှိကာ ယနေ့နံနက်ပိုင်း၌ ဖုန်းလိုင်းများ ပြတ်တောက်နေသည်ဟု ဒေသခံများထံမှ သိရသည်။
လက်ရှိမုန်တိုင်းဝင်ရောက်နေရာ ရခိုင်ပြည်နယ်နှင့်အနီးဆုံး ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းမှစ၍ ကမ်းရိုးတမ်းဖုန်းများပင် ဆက်သွယ်၍ မရတော့ဟု ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ထံမှ သိရသည်။
“ဖြတ်သလား ပြတ်သလားမသိသေး။ ၀၉၄၉ နံပါတ် ကမ်းရိုးတန်းဖုန်းတွေ ရွာဘက် ဆက်မရ” ဟု ၎င်းက ယနေ့နံနက်ပိုင်းတွင် သံလွင်ခက်ကို ပြောသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ထားပြီး လက်ရှိမုန်တိုင်းအန္တရာယ်ရှိသော အခြေအနေ ဖြစ်လာသည့် ရက်ပိုင်းအတွင်းမှ မြို့နယ်တချို့တွင် ဖုန်းလိုင်းများ ပြန်ရခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်း မေလ ၁၂ ရက် ညပိုင်းမှ ဖုန်းလိုင်းတချို့ပြန်ရရှိခဲ့သည့် မင်းတပ်မြို့နယ်တွင် ယမန်နေ့ညပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများ ရှိခဲ့သည်။ ယနေ့နံနက်ပိုင်းတွင်တော့ ဖုန်းဆက်သွယ်မရ ဖြစ်နေသည်ဟု ဟားခါးမြို့တွင် ရောက်နေသည့် ဓမ္မဆရာ
တစ်ဦးက ပြောသည်။
“မင်းတပ်မြို့ပေါ်မှာ ညီမတွေ ရှိတယ်။ မနေ့က အဆက်အသွယ် ရသေးတယ်။ ညက မိုးတွေ ရွာပြီး လေတိုက်တယ် ပြောတယ်။ အခုမနက် ဆက်နေတာ မရသေးဘူး” ဟု ၎င်းက သံလွင်ခက်ကို ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ရပ်ကွက် ၅ ခုအထိ မြေပြိုမှု ကြုံတွေ့ခဲ့ရသည့် ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း လက်ရှိမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုများ ရှိနေသည်။
“ညတုန်းကတည်းက မိုးရွာပြီး လေတွေ တိုက်နေတာ။ မြို့ရဲ့ မြောက်ဘက်ခြမ်းပေါ့။ တော်တော်လေး လေထန်တယ်။ အရင်က မြေပြိုမှု ဖြစ်ခဲ့တဲ့ ရပ်ကွက် လူတွေကိုတော့ မနေ့က ပြောင်းထားခိုင်းတယ် ။ တခြား ဘေးကင်းနိုင်မယ့် ဘက်တွေကိုပေါ့။ တခြား ကြိုတင် စီစဥ်ထားတဲ့ ဟာတွေတော့ ဂဃနဏ မသိရသေးဘူး” ဟု စစ်ဘေးရှောင် တချို့ကို ကူညီပေးနေသည့် ဓမ္မဆရာ တစ်ဦးက ပြောသည်။
ဟားခါးတွင် ၂၀၁၅ ခုနှစ် မြေပြိုမှု၌ မြို့ဟောင်း၊ ဈေးသစ်၊ ဈေးဟောင်း၊ ပြည်တော်သာ၊ အနောက်ဈေးဟောင်း စသည့် ရပ်ကွက်နေအိမ်များ ပျက်စီးခဲ့ပြီး လူဦးရေ ငါးထောင်ခန့် ဒုက္ခသည်စခန်းများတွင် ခိုလှုံခဲ့ကြရသည်။
လက်ရှိဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ချင်းပြည်နယ်ကို ဖြတ်သန်းချိန်တွင် တစ်နာရီလျှင် မိုင် ၈၀၊ ၉၀ နှုန်းခန့် ရှိနိုင်ပြီး ချင်းတောင်ပေါ်ဒေသများ၌ တောင်ပြို၊ မြေပြိုမှုများ ရှိလာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာ လေ့လာနေသူ ဦးဝင်းနိုင်က ယမန်နေ့တွင် သံလွင်ခက်ကို ပြောသည်။
ချင်းပြည်သူများ မုန်တိုင်းအန္တရာယ်ရှိသော်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် အခြေအနေကြောင့် ကြိုတင်သတိပေးမှုများ ပြုလုပ်ရန်အတွက်ကိုပင် ခက်ခဲနေသည်ဟု ကူညီပေးနေသူများထံမှ သိရသည်။
“ချင်းပြည်နယ်အတွင်း စကစမှ အင်တာနက်လိုင်း ဖြတ်တောက်ထားခြင်းက ပြည်သူများ၏ သတင်း သိပိုင်ခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်ပြီး ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရာတွင် ကြီးမားသော အဟန့်အတားဖြစ်သဖြင့် မလိုလားအပ်သော ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လျင် စကစ၏ အင်တာနက်လိုင်း ဖြတ်တောက်မှုသည် အဓိက တရားခံ ဖြစ်လာပါမည်” ဟု ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ယနေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။
ပုံစာ-၂၀၁၅ ခုနှစ်တွင် မိုးသည်းထန်ပြီး မြေပြိုမှုကြောင့် ဟားခါးမြို့ရှိ နေအိမ်များ ထိခိုက်ပျက်စီးမှု မြင်ကွင်း။
(ဓာတ်ပုံ-Bik Lian CT)