သံလွင်ခက်
မေ ၁၅၊ ၂၀၂၃။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းရိုက်ခတ်မှုကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း၌ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီးပလက်ဝ CDF တပ်ရင်း ၂ ဌာနချုပ်လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ညပိုင်း မိုးရွာသွန်းပြီး လေတိုက်ခတ်မှုများကြောင့် CDF တပ်ရင်း ၂ ဌာနချုပ်အဆောင်များ ထက်ဝက်ကျော် ပျက်စီးမှုရှိခဲ့သည်ဟု ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ယနေ့နံနက်ပိုင်းတွင် လူမှုစာမျက်နှာ၌ ဖော်ပြထားသည်။
ပလက်ဝမြို့နယ်တွင် အလွန် အင်အားကောင်းသော မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ခရိုင်အတွင်း ထိခိုက်ဆုံးရှုံးမှုအခြေအနေများအတွက် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုများကို အချိန်နဲ့တပြေးညီ ကူညီဆောင်ရွက်သွားနိုင်ရန် Mocha Cyclone Emergency Respond Committee- Paletwa ကို ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီ PADC က ယနေ့နံနက်ပိုင်း၌ ထုတ်ပြန်ထားသည်။
“ပလက်ဝမြို့နယ်ရဲ့ သတင်းတော့ စုံစမ်းနေဆဲပါ။ ဖုန်းလိုင်းက မြို့ပေါ်လောက်ပဲ ရတယ်။ မြို့ပေါ်မှာတော့အပျက်အစီး သိပ်မရှိဘူးလို့တော့ သတင်းပို့လာတယ်။ နယ်ဘက်မှာတော့ ပျက်စီးမှုတွေ ရှိတဲ့ ကျေးရွာတွေရှိတယ်လို့ သတင်းတချို့ သိရပါတယ်။ CDF တော်လှန်ရေးရဲဘော်စခန်း တချို့လည်း ပျက်စီးကြောင်း သတင်းပို့လာပါတယ်” ဟု PADC တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
ပလက်ဝမြို့နယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး ဖုန်းလိုင်းများမှာလည်း မုန်တိုင်းအရှိန်ကြောင့် ပြီးခဲ့သည့် ရက်ပိုင်း မေ ၁၃ ရက် ညနေပိုင်းကတည်းက ပြတ်တောက်ခဲ့ကာ ကမ်းရိုးတန်းဖုန်းလိုင်းများပင် ခေါ်ဆိုမရ ဖြစ်နေသည်။
“ဖုန်းလိုင်းတွေ မရတော့ ပျက်စီးမှု အသေးစိတ်ကို သိရဖို့ အရမ်း ခက်ခဲပါတယ်” ဟု PADC တာဝန်ရှိသူကပြောသည်။
ပလက်ဝမြို့နယ်တွင် ဖုန်းလိုင်းများသည် မြို့ပေါ်တွင်သာ ရရှိပြီး နယ်ဘက်ကျေးရွာများတွင် ဖုန်းလိုင်များ ဖြတ်တောက်ခံထားရသည်မှာ နှစ်ချီ ကြာနေပြီဟု သိရသည်။
မိုခါမုန်တိုင်းသည် ချင်းပြည်နယ်အတွင်းကို ဖြတ်သန်းချိန်တွင် တစ်နာရီမိုင် ၈၀ ကျော်နှုန်းဖြင့် ဝင်ရောက်ခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒလေ့လာသူ ဦးဝင်နိုင်က ယမန်နေ့တွင် ဖော်ပြထားသည်။
ပုံစာ–ပလက်ဝ CDF စခန်းတစ်ခုနှင့် တပ်ဖွဲ့ဝင်များ။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1026
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4263
Website ->https://eng.thanlwinkhet.net