သံလွင်ခက်
မေ ၁၄၊ ၂၀၂၃။
မုန်တိုင်းအရှိန်ကြောင့် နှစ်ရက်ဆက် မိုးရွာသွန်းလျက်ရှိနေသည့် စစ်ကိုင်းတိုင်၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း ထိုးနေသောကြောင့် ဒေသခံ တစ်သောင်းကျော် မိုးရေထဲ ထွက်ပြေးရှောင်တိမ်းနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးပျူစခန်းမှ မေလ ၁၂ ရက်နံနက်ပိုင်းတွင် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ အင်အား ၁၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် လက်ရှိတွင် ကနီမြို့အောက်ဘက် ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းကျေးရွာများဘက်သို့ စစ်ကြောင်းထိုးနေသည်။
ထို့ကြောင့် ဒေသခံများ မိုးရေထဲ ရှောင်တိမ်းနေကြရသည်ဟု ယနေ့နံနက်ပိုင်းတွင် ကနီသပိတ်ခေါင်းဆောင် ကိုပြည့်အောင်နိုင်က ဖော်ပြထားသည်။
“စစ်ကြောင်း ထိုးနေသဖြင့် ကျေးရွာအုပ်စု ၅ စုမှ ဒေသခံပြည်သူ ၁၃၁၅၂ ဦးကျော်သည် ဘေးလွတ်ရာသို့ မိုးထဲ ရေထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်။ စစ်ဘေးရှောင်ပြည်သူ ထပ်မံတိုးလာနိုင်သည့် အနေအထားရှိသည်” ဟု ၎င်းက ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။
အဆိုပါစစ်ကြောင်းသည် မေလ ၁၂ ရက် နံနက်ပိုင်းတွင် ကနီမြို့နယ် လယ်ရှည်ရွာတောတိုက်အရှေ့ဘက်၌ နွားကျောင်းနေသည့် ကလေးငယ် နှစ်ဦးကို ပစ်ခဲ့သည့်အတွက် ကလေးနှစ်ဦး သေဆုံးကာ ၎င်းတို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အခြားဒေသခံပြည်သူ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့နောက် အဆိုပါစစ်ကြောင်းသည် ကနီမြို့နယ် တွင်းရွာမှ နေအိမ် ၁၀၀ ကျော်ကို မွှေနှောက်၍ ဆိုင်ကယ်များအပါအဝင် ပစ္စည်းများကို ယူဆောင်ခြင်း၊ ကျန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ထို့ပြင် တွင်းရွာမှ အသက်၃၅ နှစ်အရွယ် ကိုလင်းအား ၎င်းတို့ တပ်စခန်းချရာ မင်းမရွာသို့ မေလ ၁၃ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ထိုစစ်ကြောင်းသည် ပြည်သူများကို ပစ်ခတ်မှုများနှင့် ဖမ်းဆီးမှုများ ပြုလုပ်နေသောကြောင့် ဒေသခံများမှာ မုန်တိုင်းအန္တရာယ်ကြားကပင် ထွက်ပြေးရှောင်တိမ်းနေကြရသည်။
စစ်ကြောင်းနှင့် မုန်တိုင်းအန္တရာယ်ကြောင့် ဒေသခံ ပြည်သူများ အခက်အခဲဖြစ်နေသည့် အခြေအနေနှင့် အကူအညီများ လိုအပ်နေသည့်အခြေအနေတို့အား သိရှိနိုင်ရန် သံလွင်ခက်က ဒေသခံများထံ ဆက်သွယ်မေးမြန်းနေရာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း အခြေအနေကြောင့် ဆက်သွယ် မရသေးပေ။
ထို့ပြင် ကနီသပိတ်ခေါင်းဆောင် ကိုပြည့်အောင်နိုင်ထံ မေးမြန်းထားသော်လည်း လက်တလောတွင် ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။
လက်ရှိ ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်လာရာလမ်းကြောင်းတွင် စစ်ကိုင်တိုင်း ပါဝင်နေပြီး မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းမြို့နယ် တချို့တွင် အစောပိုင်းရက်များကတည်းက လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုများ ရှိနေသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးမှုများကြောင့် မီးဘေးသင့်နှင့် စစ်ဘေးရှောင် အများဆုံး ရှိနေသည့် စစ်ကိုင်းတိုင်းတွင် ဒေသခံပြည်သူများမှာ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်မှုများထက် စစ်ကြောင်းဘေးမှ လွတ်ရန်အတွက်သာ အရေးပေါ် ထွက်ပြေးနေကြရသည့် အခြေအနေနှင့် ကြုံနေကြရသည်။
ပုံစာ-စစ်ကြောင်းထိုးနေ၍ မိုးရေထဲ ထွက်ပြေးရှောင်တိမ်းနေကြရသည့် ကနီဒေသခံများ။ ဓာတ်ပုံ-ပြည့်အောင်နိုင် (ကနီ)