ယမင်းဖူးပွင့်အောင်
မေ ၁၄ ၊ ၂၀၂၃။
အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့က နေပြည်တော်ရှိ ခြောက်လုံးတန်းနေအိမ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်ဟု တရုတ်မီဒီယာများက ဖော်ပြသည်။
အသက် ၉၀ ခန့်ရှိပြီဖြစ်သည့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဆယ်နှစ်ကျော်ကာလအတွင်း နိုင်ငံရေးလောကနှင့် ကင်းကွာစွာ နေထိုင်ခဲ့သူဖြစ်သည်။
၂၀၁၁ ခုနှစ်မှာ အနားယူပြီးနောက်ပိုင်း လူမြင်ကွင်း ပေါ်ပေါ်တင်ထွက်လာခြင်းမရှိသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံမှုက နိုင်ငံရေးအကဲခတ်တွေကို အံ့အားသင့်စေခဲ့သည်။
လက်ရှိ စစ်ကောင်စီခေါင်းဆောင်က ၇၆ နှစ်မြောက် တပ်မတော်နေ့တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနှင့်သမ္မတဟောင်း သိန်းစိန်တို့ကို သွားရောက်ဂါရဝပြုခဲ့သည်ဟု နေပြည်တော်ကစစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိန်းချုပ်ရခက်သည့် အခြေအနေတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်းများ၏ သြဇာအာဏာနှင့် အရှိန်အဝါကို အသုံးပြု၍ စစ်တပ် မပြိုလဲအောင် ကြိုးစားနေရသည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။
၂၀၂၁ ခုနှစ်တကျော့ပြန် အာဏာသိမ်းမှုများ ဖြစ်လာပြီးနောက် စစ်ကောင်စီခေါင်းဆောင်ရဲ့ အင်အားသုံးဖြေရှင်းမှုများသည် ယနေ့အထိ ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။
လက်ရှိအခြေအနေအရ (စစ်တပ်) အတွင်း ရှိလာနိုင်သည့် အက်ကွဲကြောင်းများ၊ သဘောထားကွဲလွဲမှုများ၊တင်းမာမှုများကို အထိုက်အလျောက် လျော့ချနိုင်ရန် ခေါင်းဆောင်ဟောင်းများကို ချဉ်းကပ်ခြင်းဖြစ်နိုင်သည်ဟုနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောသည်။
” မပြိုပျက်ခင် အရင်ခေါင်းဆောင်တွေရဲ့ ဩဇာ၊ အရှိန်အဝါ၊ အကြံအစည်၊ ထောက်ခံမှု၊ အကြံဉာဏ်၊ လမ်းပြမှုနဲ့အင်အားစုစည်းတဲ့ သဘောမျိုး ဖြစ်နိုင်ပါတယ်“ဟု ပြောသည်။
စစ်ကောင်စီဘက်က ထိတွေ့စုစည်းမှုများပြုလုပ်နေသည့်အချိန်တွင် တော်လှန်ရေးအင်အားစုများအနေဖြင့်နိုင်ငံရေး ဘုံသဘောတူညီမှု၊ နိုင်ငံရေးမဟာဗျူဟာ၊ လုပ်ငန်းစဉ်များကို တိတိကျကျ ချမှတ်သင့်သည်ဟု ၎င်းကဆက်ပြောသည်။
ဦးသန်းရွှေအနားယူကာနီး ၂၀၁၀ ခုနှစ် တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်တွင် လက်ရှိအာဏာသိမ်းခေါင်းဆောင်ကို ခေါ်သွားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဦးသန်းရွှေ၏ လက်ရုံးတပည့်ရင်းလည်းဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ဦးသန်းရွှေနှင့် တွေ့ဆုံခြင်းသည် လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန်နှင့် စစ်ကောင်စီ၏ တရားလက်လွတ်ပြုမှုများအတွက် သတိပေးလိုခြင်းဖြစ်သည်ဟု မြန်မာ–တရုတ်နိုင်ငံရေး အထူးပြု လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောသည်။
“တရုတ်ကို ပြည်သူလူထုက ဆန့်ကျင်ဆန္ဒပြပွဲတွေလည်း အများကြီးလုပ်ကြတယ်။ ဒီကိစ္စတွေလျှော့အောင်လို့နည်းနည်းပါးပါး သတိပေးလိုတဲ့သဘောပါ” ဟု ပြောသည်။
မြန်မာနိုင်ငံသို့ မည်သည့် တိုင်းပြည်၊ နိုင်ငံက ကိုယ်စားလှယ်ပဲ ရောက်လာသည်ဖြစ်စေ “ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်” ဆိုသည့်အတိုင်း မိမိတို့ ပန်းတိုင်ကိုသာ အာရုံစူးစိုက်စေလိုသည်ဟု ၎င်းကဆက်ပြောသည်။
“ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကလာလာ ပြည်သူလူထုက ကိုယ့်ဘာသာပြတ်သားထားဖို့လိုတယ်။ ဘယ်တိုင်းပြည်ကဖြစ်ဖြစ် သူ့ကိစ္စနဲ့သူ၊ သူ့အကျိုးစီးပွားနဲ့သူ၊ ပြည်သူတွေက စစ်ကောင်စီကို အမြစ်ဖြတ်နိုင်ဖို့ပဲ လုပ်ကြပါ။ ကျန်တဲ့ကိစ္စတွေကို လမ်းမလွဲကြပါနဲ့” ဟု ဒေါက်တာလှကျော်ဇောက ပြောသည်။
ဦးသန်းရွှေ၏လူမြင်ကွင်းကို ပြန်ပေါ်လာခြင်းသည် လက်ရှိစစ်ခေါင်းဆောင်ထက် စစ်တပ်ကိုကာကွယ်ရန်ဖြစ်သည်ဟု နိင်ငံရေးလေ့လာသူတဦးက သုံးသပ်သည်။
“မင်းအောင်လှိုင်ကို ကာကွယ်ဖို့တော့မဟုတ်ဘူး ၊ သူတို့အတွက် အရေးကြီးတာစစ်တပ်ကို ကာကွယ်ဖို့ပေါ့၊ စစ်တပ်ပြိုလဲရင် သူတို့အားလုံးထိခိုက်မှာမို့လို့ စစ်တပ်ကို ကာကွယ်ဖို့ ပြန်ပါလာတာ။ လက်ရှိ နိုင်ငံရေးအပေါ်ဘယ်လောက် သက်ရောက်မလဲဆိုတာတော့ ပြောဖို့စောအုံးမယ်။ ဗိုလ်ချုပ်ဟောင်းတွေ ဘယ်လောက်လုပ်နိုင်မလဲဆိုတာရယ်။ လက်ရှိ စစ်ဗိုလ်တွေက လက်ခံမခံပေါ်မှာ မူတည်ပါလိမ့်မယ်” ဟုပြောသည်။
စစ်တပ်အာဏာသိမ်းမှု၏ တိုက်ရိုက် အကျိုးဆက်အနေဖြင့် ၅၄ သန်းထဲမှ ပြည်သူအများစုသည် လူမှုစီးပွားရေးချွတ်ခြုံကျမှုဒဏ် ခံနေရပြီး လူဦးရေ ၂ သန်းနီးပါး စစ်ဘေးရှောင်နေကြရသည်ဟု ISP Myanmar က ထုတ်ပြန်ထားသည်။
ပညာရေး၊ကျန်းမာရေးစနစ်များပျက်ယွင်းပြီး လူငယ်အများစုသည် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုရွေးချယ်ထားကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့မှာ ၃၀၀ ကျော်အထိရှိလာသည်။
အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာတွင် စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးရေး အလေးပေးပြောဆိုမှုများလည်းရှိလာသည်။
စစ်ကောင်စီအပါအဝင် စစ်ဗိုလ်ချုပ်များ၏ ကျူးလွန်မှုများကို မြန်မာနိုင်ငံသားများက ကင်းလွတ်ခွင့် မပြုလိုတော့ဟု ရန်ကုန်သပိတ်အင်အားစုခေါင်းဆောင် ကိုနန်းလင်းက ပြောသည်။
“ကျွန်တော်တို့ မြန်မာပြည်သူတွေရဲ့ လက်ရှိသွားနေတဲ့ တိုက်ပွဲဝင်မှု၊ပေးဆပ်မှုနဲ့ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့နိုင်ငံတကာကသဘောပေါက်နေတဲ့ နားလည်မှုနဲ့ သွားတူမနေဘူး။သူတို့က စေ့စပ်ညှိနှိုင်းမှုကို တွန်းအားပေးတယ်။ကျွန်တော်တို့ မြန်မာပြည်သူတွေကျတော့ စစ်တပ်ကို ကျွန်တော်တို့ကအပြစ်ဒဏ် ကင်းလွတ်ခွင့် မပေးနိုင်တဲ့ စိတ်နဲ့ပြတ်ပြတ်သားသား တိုက်ပွဲဝင်နေတာ“ဟု ကိုနန်းလင်းကပြောသည်။
Photo- Crd
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1025
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4250
Website ->https://eng.thanlwinkhet.net