သံလွင်ခက်
မေ ၁၂၊ ၂၀၂၃။
လက်ရှိ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဖျက်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) သည် ကမ်းခြေကိုဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းဝင်နိုင်သည့် အခြေအနေရှိနေသည်ဟု ယနေ့နံနက်ပိုင်းတွင် ပညာရှင်များက ဖော်ပြထားကြသည်။
မုန်တိုင်းလမ်းကြောင်းသည် ကုန်းတွင်းပိုင်း ဝင်ရောက်လာလျှင် ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းဒေသများကို ဖြတ်သန်းသွားနိုင်ခြေရှိသည်ဟု Google Earth ၌ ဖော်ပြထားသည့်ပုံနှင့်တကွ ပညာရှင်တစ်ဦးက ယနေ့နံနက်အစောပိုင်းတွင် ဖော်ပြထားသည်။
အဆိုပါဒေသများသည် စစ်ကောင်စီ၏ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသဖြင့် မုန်တိုင်းလမ်းကြောင်း အပြောင်းအလဲများကို အချိန်နှင့်တပြေးညီ ကြိုတင်သတိပေးမှုများ ပြုလုပ်ရန် ခက်ခဲနေသည်ဟုသိရသည်။
ချင်းပြည်နယ် မင်းတပ်ဒေသခံတစ်ဦးက “နောက်ဆုံး သိရတဲ့ သတင်းတွေ အရ မုန်တိုင်း ဖြတ်သွားနိုင်ခြေရှိတဲ့ချင်း၊ မကွေးနဲ့ စစ်ကိုင်းဒေသတွေဟာ အင်တာနက်၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံနေရတဲ့ ဒေသတွေ ဖြစ်နေပါတယ်။
မုန်တိုင်းလမ်းကြောင်း အပြောင်းအလဲ ရှိနေတဲ့ အခြေအနေတွေ အချိန်နဲ့ တပြေးညီ သိရှိနိုင်ဖို့ ခက်ခဲတဲ့ ဒေသတွေဖြစ်ပါတယ်။ တကယ်တမ်း မုန်တိုင်း ဖြတ်သွားလို့ ပြည်သူ အသက်အိုးအိမ်တွေ ထိခိုက်ဆုံးရှုံးမှု ရှိလာရင် ဆက်သွယ်ရေး ဖြတ်တောက်တဲ့ စစ်ကောင်စီရဲ့ အပြစ် ဖြစ်ပါတယ်။
နောင်တစ်ချိန် သမိုင်းမှာ စစ်ကောင်စီဟာ ပြည်သူကို မုန်တိုင်းနဲ့လည်း သတ်တယ် ဆိုပြီး အမည်တွင်မှာ ဖြစ်ပါတယ်” ဟု လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။
မုန်တိုင်းသတိပေးချက်နှင့်ပတ်သက်၍ ချင်းပြည်နယ်၊ ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကလည်း ပလက်ဝခရိုင်အတွင်းနှင့် နယ်စပ်တစ်လျှောက် စစ်ဘေးရှောင်စခန်းများ၊ ချင်းနယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့ (CDF-Paletwa) စခန်းများ၊ မုန်တိုင်းဒဏ် ခံစားရနိုင်သည့် မြို့ပြကျေးလက်နေ ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ် ရှောင်ရှားနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ သတိပေးကြေညာချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် သတိပေးထားသည်။
မုန်တိုင်းအခြေအနေနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သပိတ်ကော်မတီအဖွဲ့များကလည်းလက်လှမ်းမှီရာ ကျေးရွာဒေသခံများကို ကြိုတင်သတိပေးမှုများ ပြုလုပ်ထားသည်ဟု ပြောသည်။
“စစ်ကြောင်းရန်ကြောင့် ပြေးလွှားနေကြရတာဆိုတော့ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုကတော့ လုပ်ဆောင်ဖို့ခက်ခဲနေတဲ့ အနေအထားတွေတော့ ရှိပါတယ်။ ရှောင်ရမှာလား၊ ပြင်ဆင်ရမှာလား ဝေဝါးနေကြတာ” ဟုစစ်ကိုင်းတိုင်း ယင်းမာပင်–ဆားလင်းကြီး သပိတ်ကော်မတီဝင် တစ်ဦးက သံလွင်ခက်ကို ပြောသည်။
လက်ရှိ အခြေအနေအရ မေလ ၁၄ ရက်တွင် မုန်တိုင်းအဖျားသည် ရခိုင်ပြည်နယ်ကို စတင် ရိုက်ခတ်နိုင်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ အထိ ဖြတ်သန်းနိုင်ကာ မြန်မာ့လူဦးရေ ၁၇ သိန်းအထိ သက်ရောက်နိုင်မည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယမန်နေ့၌ ဖော်ပြထားသည်။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/998
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4190
Website ->https://eng.thanlwinkhet.net