Saw Smith
မေ ၂ ၊ ၂၀၂၃ ။
အွန်လိုင်းမဲစနစ်မှားယွင်းမှုရှိသည်ဟူသော သတင်းစကားများကြောင့် ယာယီရပ်နားထားခဲ့သည့် ၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ကွန်ဂရက်ကို ယမန်နေ့က ပြန်လည် ကျင်းပနေခဲ့ရာ ယနေ့တွင် ဥက္ကဋ္ဌသစ်ကို ရွေးချယ်တင်မြောက်နိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ ပြန်လည် ကျင်းပနေသည့် နှစ်ရက်အတွင်း၌ အပြီးသတ်မဲပေးမှုနှင့် ဗဟိုကော်မတီဝင်များကို ရွေးချယ်နိုင်အောင် ကြိုးပမ်းလုပ်ဆောင်ခဲ့ပြီး ဥက္ကဋ္ဌသစ်အဖြစ် ယခင်ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ရွေးချယ်ခံရခြင်းဖြစ်သည်ဟု ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သူ တစ်ဦးက ယနေ့ညနေပိုင်းတွင် သံလွင်ခက်ကို ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး KNU ၁၇ ကြိမ်မြောက်ညီလာခံ၌ ရွေးချယ်တင်မြောက်ခံရသည့် ပဒိုစောကွယ်ထူး၀င်းသည် ကရင်အမျိုးသားအစည်းအရုံး၏ ၁၀ ဦးမြောက် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ကွန်ကရက်ကို လေးနှစ် တစ်ကြိမ် ကျင်းပခြင်းဖြစ်သော်လည်း လက်ရှိ ကျင်းပခဲ့သည့် ကွန်ဂရက်ကို အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်အချိန်ကာလထက် ၃ နှစ်နီးပါးကြာ နောက်ကျခဲ့ရသည်။
ပြီးခဲ့သည့် ဧပြီ ၂၄ ရက်တွင် စတင် ကျင်းပခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကွန်ဂရက်တွင် ဗဟိုကော်မတီဝင်များ၊ တပ်မဟာကိုယ်စားလှယ်များ၊ ခရိုင်ကိုယ်စားလှယ်များနှင့် ကရင်အရပ်ဖက်အဖွဲ့အစည်းများမှ လူဦးရေ ၁၀၀ ကျော် တက်ရောက်ပြီး ကိုယ်စားလှယ်အချို့က အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့ကြသည်။
ကွန်ဂရက် ကျင်းပနေစဥ်အတွင်း သတ်မှတ်မဲအရေအတွက်ထက် မဲပေးမှု များနေခြင်း၊ ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်တချို့ တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု ရှိသည် ဟူသော ပြောဆိုချက်များကို စစ်ဆေးအရေးယူပေးရန် တောင်းဆိုမှု စသည့် သတင်းများ ထွက်လာပေါ်ခဲ့ခြင်းတို့နှင့်အတူ ကွန်ဂရက် ကျင်းပခြင်းကို ယာယီရပ်ဆိုင်းခဲ့ရသေးသည်။
KNU ၁၇ ကြိမ်မြောက် ကွန်ဂရက် ကျင်းပရန် နောက်ကျရသည်အား ကိုဗစ်ကာလနှင့် စစ်အာဏာသိမ်းဖြစ်စဥ်များကို အကြောင်းပြခဲ့ကြသော်လည်း ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်များတွင် မသမာမှုများနှင့်သဘောထားကွဲလွဲနေခြင်းကြောင့် ညီလာခံ ကျင်းပရန် ကြန့်ကြာနေခြင်းဖြစ်သည်ဟု ကရင်အဖွဲ့အစည်းများက ဝေဖန်ခဲ့ကြသည်။
ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းတွင်လည်း ကမ္ဘာတစ်ဝန်းရှိ ကရင်အဖွဲ့အစည်း ၆၈ ဖွဲ့က ကေအဲန်ယူ ဗဟိုအလုပ်မှုဆောင် တစ်ဖွဲ့လုံး နှုတ်ထွက်ပေးရန် အိတ်ဖွင့်စာပေး တောင်းဆိုခဲ့သည်။
ထိုသို့ ဖိအားပေးမှုနှင့် ဝေဖန်မှုများပြီးနောက် ပေါ်ထွက်လာသည့် လက်ရှိ ၁၇ ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်တွင် သဘောထားကွဲလွဲမှုများကြောင့် တပ်မဟာ ၂ နှင့် တပ်မဟာ ၅ တို့မှ ကိုယ်စားလှယ်များက ဝင်ရောက် ရွေးချယ်ခံခြင်း မရှိခဲ့ပေ။
သို့သော်လည်း ရွေးကောက်ခံကိုယ်စားလှယ်များ၏ အရေအတွက် ၇၅ နှုန်းကျော်ရှိလျှင် မဲပေးရွေးချယ်ပိုင်ခွင့်ရှိသောကြောင့် ကွန်ဂရက်ကို ကျင်းပခဲ့ခြင်းဖြစ်သည်။
“အမှန်ပြောရရင် ဗဟိုကော်မတီထဲမှာ အကျင့်ပျက်ခြစားပြီး ပြဿနာတက်နေတာတွေ အများကြီးပဲ။ တရုတ်စီမံကိန်း၊ မူးယစ်ဆေးဝါး၊လောင်းကစားနဲ့ပတ်သက်တဲ့ အမှုတွေပေါ့။ အဲဒါတွေ ရှင်းပြီးမှ ဗဟိုကော်မတီအစည်းအဝေးကို လုပ်သင့်တယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီအမှုတွေမှာ ပါနေတဲ့သူတွေက အကြောင်းကြောင်းကြောင့် အနိုင်ရသွားရင် လုပ်ရကိုင်ရ ခက်မယ်လေ။ ဒါကြောင့် ညီလာခံကို အဲဒီကိစ္စတွေ ရှင်းပြီးမှ လုပ် နဲ့ လုပ်ပြီးမှ ရှင်း ဆိုပြီး နှစ်ဖွဲ့ ကွဲနေကြတာ။ အရင်က တပ်မဟာ ၂ တို့ တပ်မဟာ ၅ တို့နဲ့အတူ တပ်မဟာ ၁ လည်း ပါခဲ့တာ။ နောက်ပိုင်း တပ်မဟာ ၁ က ရွေးကောက်ခံတဲ့အထဲ ပါသွားတာ” ဟု ကေအဲန်ယူ တပ်မဟာများနှင့် နီးစပ်သူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
ထိုကဲ့သို့ ကေအဲန်ယူ တပ်မဟာများအကြား သဘောထားကွဲလွဲမှုများကြားမှ ကျင်းပခဲ့သည့် ညီလာခံအတွင်း၌ ကေအဲန်ယူ ကာကွယ်ရေးဝန်ကြီး၊ စစ်ဦးစီးချုပ်၏ သား၊ တပ်မဟာ ၇ မှူး အပါအဝင် ခေါင်းဆောင် ငါးဦးကို အဖွဲ့အစည်း၏ စည်းမျဥ်းစည်းကမ်းများအား ကျော်လွန်ပြီး တရားမဝင်စီးပွားရေးလုပ်ဆောင်မှု၊ မူးယစ်ဆေးဝါးမှု၊ လူမှောင်ခိုကုန်ကူးမှု စသည့် တရားမဝင် လုပ်ငန်းများတွင် ပါဝင်မှုဖြင့် စုံစမ်းစစ်ဆေးပေးရန် ကေအဲန်ယူ တပ်မဟာ ၅ က တင်ပြတောင်းဆိုမှုများ ရှိခဲ့သည်။
ရှုပ်ထွေးနေသည့် အခြေအနေကြားမှာပင် ယခင် ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းမှာ ဥက္ကဋ္ဌသစ်အဖြစ် ထွက်ပေါ်လာပြီး အခြားရာထူးနေရာများနှင့် ဗဟိုကော်မတီဝင်များအဖြစ် ရွေးခံရသူများကို KNU ဗဟိုက အတည်ပြု မထုတ်ပြန်သေးသလို သံလွင်ခက်အနေဖြင့်လည်း အတည်ပြု၍ မရရှိသေးပေ။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/900
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3982
Website ->https://eng.thanlwinkhet.net