သဇင်
မေ ၂ ၊ ၂၀၂၃ ။
ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်း၌ အမျိုးသမီးနှင့် ကလေးများအပါအဝင် ပြည်သူ၄၀ ဦးခန့်ကို စစ်ကောင်စီတပ်များက ယခုရက်ပိုင်းအတွင်း၌ ဆက်တိုက်ဖမ်းဆီးနေသည်ဟု ဒေသခံများထံမှ သိရသည်။
ယမန့်နေ့ ညဦးပိုင်းတွင် ဝေါမြို့နယ်(ချောင်းကျိုး လေးအိမ်စု)ကျေးရွာရှိ လူငယ် (၆)ဦးအား စစ်ကောင်စီတပ်သားနှင့်နယ်မြေခံ ရဲများကအကြောင်းပြချက် တစ်စုံတစ်ရာပေးခြင်းမရှိဘဲ မျက်နှာအား အဝတ်စည်းကာ ဖမ်းဆီးသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။
၎င်းက“ဖုန်းနဲ့ဂိမ်းကစားနေတုန်း လာဖမ်းတာ အကြောင်းအရင်းမသိရဘဲ မျက်နှာတွေကို အဝတ်အုပ်ပြီးလက်ပြန်ကြိုးတုပ်ပြီး ဖမ်းသွားတယ်။ဘယ်ကိုခေါ်သွားလဲဆိုတာ မသိရတော့ မိဘတွေလည်း စိုးရိမ်နေကြသည်“ဟု ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်း ဧပြီလ ၂၈ရက်မှ မေလ ၁ ရက်အထိ ဝေါမြို့နယ်အတွင်းရှိ ကျေးရွာ၃ရွာမှ ဒေသခံပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးနေရာ ပြည်သူ၄၀ ဦးခန့် ရှိပြီဖြစ်သည်ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“မြို့ပေါ်စစ်ဆင်ရေးလုပ်ဆောင်ပြီးတော့ သူတို့ဘက်က သေတာလဲရှိတယ်ဆိုတော့ ပြည်သူတွေကို အငြိုးထားပြီးဖမ်းဆီးနေတာ၊သူတို့စွပ်စွဲတာက PDFတွေနဲ့ အဆက်သွယ်ရှိတယ်ဆိုပြီး ဖမ်းသွားတာ။စစ်ကြောရေးကို ခေါ်သွားတယ်လို့ ယူဆရပါတယ်“ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံရသူများတွင် အသက်မပြည့်သေးသည့် ၁၃ နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့်သက်လတ်ပိုင်းအရွယ်အမျိုးသားများ အများဆုံးပါဝင်နေပြီး ဝေါမြို့နယ် ချောင်းကျိုး လေးအိမ်စုကျေးရွာမှ ၆ ဦး၊ကမာကဘန်းကျေးရွာမှ ၁၀ဦးခန့်၊ကွင်းရွာမှ ၂၀ ဦးတို့ ဖြစ်သည်။
ဧပြီလ ၂၇ရက်၊ ည၇နာရီခန့်တွင် ဝေါမြို့နယ် ညောင်ခါးရှည်ရဲစခန်းအတွင်း ရဲများတန်းစီနေချိန်တွင် ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၁ဦးသေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ညောင်ခါးရှည်နယ်မြေရဲစခန်းစီးနင်းခံခဲ့ရပြီးနောက် ဝေါမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မသင်္ကာမှုဖြင့် ဆက်တိုက်ဖမ်းဆီးနေခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက မှန်းဆနေကြသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသူများပြန်လွတ်လာခြင်းမရှိသေးသလို အဆက်အသွယ်မရှိသည့်အပြင် မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကိုလည်း သတင်းအတိအကျမသိရဟု ဒေသခံများက ပြောသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/899
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3979
Website ->https://eng.thanlwinkhet.net