ယမင်းဖူးပွင့်အောင်
မေ ၃၊ ၂၀၂၃။
စစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့တွင် အချိန်အခါမဟုတ်မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရာသီဥတုအခြေအနေကြောင့်စစ်ဘေးရှောင်ပြည်သူများ အခက်အခဲကြုံနေရသည်ဟု ဒေသခံများထံက သိရသည်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရန် အခက်အခဲရှိပြီး ရာသီဥတုအကူးအပြောင်းကြောင့်လည်းကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်နေသည်ဟု စစ်ဘေးရှောင်ကူညီသူများက ပြောသည်။
ဆားလင်းကြီးမြို့နယ်တွင် မေလ ၁ရက်ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့သောကြောင့်အမိုးအကာများပင် မလုံလောက်သောစစ်ရှောင်များ နေထိုင်ရေး အခက် တွေ့ခဲ့ရသည်ဟု စစ်ရှောင်ကူညီသူအမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“အလှူရှင်တွေဘယ်လောက်ရှိရှိ အိမ်တစ်လုံးပြန်ဖြစ်ဖို့ဆိုတာ အရမ်းခဲယဉ်းတယ်လေ။ မိုးကြီး လေကြီးကျတဲ့အခါတွေမှာဆိုရင် ခိုကိုးရာကမရှိ။ ရှိတဲ့နေရာကလည်း လုံလုံခြုံခြုံဆောက် ထားတာတွေ မဟုတ်တော့ လေအရမ်းကြမ်းရင် အိမ်အလုံးလိုက် ရမ်းခါနေတာ” ဟု ၎င်းကပြောသည်။
ဆားလင်းကြီးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းများက နေအိမ်များကို မီးရှို့ဖျက်ဆီးမှုကြောင့်ကျေးရွာပေါင်း ၂၈ ရွာမှ ပြည်သူ ၆၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဘဝသို့ရောက်ရှိနေသည်ဟု ၎င်းကဆက်ပြောသည်။
“ဒီဘက်မှာစစ်တပ်က မီးရှို့ထားတဲ့ မီးလောင်ပြင်တွေ များတယ်လေ။ ပြန်မဆောက်ရသေးတာတွေ အများကြီးပဲ။အခုလို တဲပုံစံဆောက်ထားတဲ့ နေရာတွေဆိုရင် အရမ်းကိုနေရထိုင်ရ ခဲယဉ်းတယ်” ဟု ပြောသည်။
အလားတူ ရွှေဘိုမြို့နယ်ရှိ ကျေးရွာတစ်ချို့တွင်လည်း မေလ၁ရက်၊ ညပိုင်းက မိုးသည်းထန်မှုကြောင့် အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး တစ်ညလုံးမအိပ်ပဲ မိုးခိုနေရသည့် စစ်ရှောင် ပြည် သူများလည်းရှိသည်ဟု ရွှေဘိုမြို့နယ် S & C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့် ရှောက်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
၎င်းက “မိုးမရွာဘူးဆိုရင်တော့ အပင်အောက်မှာ တဲလေးတွေထိုးပြီး အိပ်ကြတယ်။ မိုးရွာပြီ ဆိုရင်တော့ တစ်ညလုံးထိုင်နေရတာတွေရှိတယ်” ဟုပြောသည်။
နေစရာလုံခြုံမှုမရှိသည့် စစ်ဘေးရှောင်များသည် ရာသီဥတုဒဏ်များကိုပါ ခံနေကြရပြီး ကလေးငယ်များတွင်တုပ်ကွေး၊ဝမ်းပျက်ဝမ်းလျှောနှင့် သက်ကြီးရွယ်အိုများတွင် ပင်ပန်းနွမ်းနွယ်မှုများရှိနေသည်။
ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ငါး ရွာမှ စစ်ဘေးရှောင်ပြည်သူ နှစ်ထောင်ကျော်ကို ကူညီဆောင်ရွက်ပေးနေသော S & C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့သည် မီးဘေးသင့်စစ်ရှောင်များအတွက် အိမ်အလုံး ၇၀၀ဆောက်လုပ်ပေးထားသည်။
လာမည့်မိုးတွင်းအတွင်း အိမ်အလုံး ၁၀၀၀ ဆောက်လုပ်သွားရန် စီစဥ်နေပြီး အမိုး၊အကာများအဓိကလိုအပ်နေသည်ဟု S & C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့် ရှောက်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
နေအိမ်အများဆုံးမီးရှို့ဖျက်ဆီးခံထားရသည့် စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည် ဧပြီလထိ စစ်ဘေးရှောင်ပြည်သူ ၁ဒဿမ ၃ သန်းကျော်ရှိနေသည်ဟု ISP Myanmar က ထုတ်ပြန်ထားသည့် စစ်တမ်းအရ သိရသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/900
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3982
Website ->https://eng.thanlwinkhet.net