![]()

အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသော ဆိုက်ဘာငွေလိမ်လုပ်ငန်းများ၊ လူမှောင်ခိုကူးမှုများနှင့် စနစ်တကျဖွဲ့စည်းထားသော ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်ဆက်နွှယ်မှုအတွက် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် (DKBA) ၏ ထိပ်တန်းခေါင်းဆောင် လေးဦးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်း ထည့်သွင်းလိုက်သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) ၏ ထုတ်ပြန်ချက်အရ အရေးယူခံရသူများမှာ DKBA ၏ စစ်ဦးစီးချုပ်ဖြစ်သူ စောစတီး၊ စစ်ရေးချုပ် စောစိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် စောဆန်းအောင်နှင့် ဗိုလ်မှူးချုပ် စိုင်းကျော်လှတို့ ဖြစ်သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုအရ ဗိုလ်မှူးချုပ် စိုင်းကျော်လှသည် မြဝတီမြို့အနီးရှိ Tai Chang အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ဝင်းကို တည်ထောင်သူဖြစ်ပြီး DKBA တပ်ဖွဲ့သည် အဆိုပါဝင်းကို လုံခြုံရေးပေးခြင်း၊ ဝင်းအတွင်း ပိတ်မိနေသော လူမှောင်ခိုကူးမှု သားကောင်များအပေါ် လျှပ်စစ်ရှော့ခ်ရိုက်ခြင်း၊ ရိုက်နှက်ခြင်းကဲ့သို့ အကြမ်းဖက်ခြင်းတို့တွင် တက်ကြွစွာ ပါဝင်ခဲ့သည်ဟု ဆိုသည်။

DKBA သည် အဆိုပါလိမ်လည်မှုလုပ်ငန်းများမှ ရရှိသော ဝင်ငွေများကို ၎င်းတို့၏ တရားမဝင် မူးယစ်ဆေးဝါး၊ လက်နက်၊ လူနှင့် တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးခြင်း၊ ငွေကြေးခဝါချခြင်း လုပ်ငန်းများအတွက် အသုံးပြုနေကြောင်း OFAC က ဖော်ပြသည်။
ထို့အပြင် DKBA သည် ထိုင်းနိုင်ငံအခြေစိုက် တရုတ်ရာဇဝတ်ဂိုဏ်းများ၏ မျက်နှာစာဖြစ်သော Trans Asia International Holding Group၊ Troth Star ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ နာမည်ဆိုးဖြင့် ကျော်ကြားသော KK Park အပါအဝင် အခြားလိမ်လည်မှုဝင်းများ တည်ထောင်ရာတွင်လည်း ပါဝင်ပတ်သက်ခဲ့သည်ဟု ဆိုထားသည်။
“မြန်မာနိုင်ငံအခြေစိုက် ရာဇဝတ်ကွန်ရက်တွေဟာ အမေရိကန်တွေဆီက ဒေါ်လာ ဘီလီယံပေါင်းများစွာကို ခိုးယူနေပါတယ်” ဟု အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေး အတွင်းဝန် John K. Hurley က ပြောသည်။
“ဒီကွန်ရက်တွေကပဲ လူမှောင်ခိုကူးတာ၊ မြန်မာနိုင်ငံရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြည်တွင်းစစ်ကို ကူညီအားဖြည့်ပေးတာတွေ လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်ကလည်း အလားတူ ဆိုက်ဘာလိမ်လည်မှု လုပ်ငန်းများတွင် ပါဝင်မှုဖြင့် ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် စောချစ်သူနှင့် ၎င်း၏ သားများကို အမေရိကန်က နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်း (TCO) အဖြစ် သတ်မှတ် အရေးယူခဲ့သေးသည်။
#ကျားဖြန့်လိမ်လည်မှု #DKBAထိပ်တန်းခေါင်းဆောင်၄ဦး #အမေရိကန် #အရေးယူ #ThanLwinKhetNews
