ဧပြီ ၂၄ ၊ ၂၀၂၃ ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၁) နှင့် တပ်မဟာ (၅) ပူးပေါင်းတပ်ဖွဲ့မှအာဏာသိမ်းစစ်ကောင်စီတပ်၏ မယ်စိထာ ဂိတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးခဲ့သည်ဟု ယနေ့တွင် ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ စကခ (၈) လက်အောက်ခံ ခမရ (၄၀၁) တပ်ရင်း လက်အောက်ခံ မယ်စိထာ စစ်ဆေးရေးဂိတ်စခန်းအား KNLAပူးပေါင်းတပ်က ယမန်နေ့ ဧပြီလ ၂၄ ရက် နံနက် ၄း၃၀ နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာနံနက် ၅ နာရီတွင် သိမ်းယူနိုင်ခဲ့သည်။
အဆိုပါ ဂိတ်စခန်း သိမ်းပိုက်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီ တပ်သား ၅ဦး စခန်းအတွင်း သေဆုံးခဲ့ပြီး ပစ္စတို MA 5 (၁) လက်၊ K3 79 (၁) လက်၊ K3 (၃) လက်၊ ကျည်ဘောက် (၂၀) ခု၊ ကျည်ဆံ (၁၅၀၀) တောင့်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ပူးပေါင်း တပ်ဖွဲ့မှ သိမ်းယူနိုင်ခဲ့သည်။
မယ်စိထာ ဂိတ်စခန်းသည် ကေအဲန်ယူ−ကရင် အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ(၁) နှင့် တပ်မဟာ (၅) ကြားတွင်တည်ဆောက်ထားပြီး အချက်အချာကျသည့် ဂိတ်စခန်း တစ်ခုဖြစ်၍ ခရီးသွားပြည်သူများအား စစ်ဆေးခြင်း၊ မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ စခန်းအတွင်း ခေါ်ယူကာ လူသားဒိုင်းပြုလုပ်ခြင်းများ ကျူးလွန်နေသည့် စစ်ကောင်စီ ဂိတ်စခန်းဖြစ်သည်။
မယ်စိထာဂိတ်စခန်းတွင် စစ်ကောင်စီ တပ်သားအင်အား ၁၅ဦးရှိ၍ ၅ဦးမှာ စခန်းအတွင်း သေဆုံးခဲ့ပြီး ၁၀ဦးမှာဂိတ်စခန်းအား စွန့်ခွာထွက်ပြေး လွတ်မြောက်ခဲ့သည်။
မယ်စိထာဂိတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် KNLA ပူးပေါင်းတပ်ဖွဲ့အားဦးဆောင်သူ တပ်မှူးများ မှာ သထုံခရိုင်-KNLA အမှတ် (၁) တပ်မဟာ ဗျူဟာ ရုံးထိုင်မှူး ဗိုလ်ကြီး စောရမ်ဗိုနှင့် မူတြော်ခရိုင် KNLA တပ်ရင်း (၁၀၂) ဒုတပ်ရင်းမှူး ဗိုလ်ကြီး ဗိုလ်တောတို့ဖြစ်ပြီး KNLA ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိခဲ့ဟု ကေအဲန်ယူဗဟိုက ဖော်ပြထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/787
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3774
Website ->https://eng.thanlwinkhet.net