ယမင်းဖူးပွင့်အောင်
ဧပြီ ၂၄၊ ၂၀၂၃။
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တချို့မှ နွေဦးတော်လှန်ရေးတွင် ပါဝင်သူများကို ဖမ်းဆီးခံထားရသည့်ကာကွယ်ရေး တပ်ဖွဲ့ဝင် မိုဘိုင်းဖုန်းများမှတဆင့် ထောင်ချောက်ဆင် ဖမ်းဆီးမှုများရှိနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ဧပြီလ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရပြီးနောက် ၎င်းတို့နှင့် ဆက်စပ်သူများကို ရှာဖွေ ဖမ်းဆီးနေခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသည့်ရဲဘော်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နှိပ်စက်ပြီး ဆက်စပ်သူများ၏ အမည်များကို ဖော်ခိုင်းကာ ရှာဖွေဖမ်းဆီးနေသည်ဟု ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“သူတို့ကို ညှင်းပန်းနှိပ်စက်ပြီး နေရာတွေလိုက်ပြခိုင်းတယ်။ ဆက်စပ်တဲ့နေရာတွေကို လိုက်ဝိုင်းတယ် ”ဟု ၎င်းကပြောသည်။
ခရမ်းမြို့နယ်အခြေစိုက် PDF-Khayan ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ခြောက်ဦးသည် ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သာကေတမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည်။
“အဓိကကတော့ မစ်ရှင် တစ်ခုဆောင်ရွက်ပြီးရင် နေစရာမရှိဘူး။ ပြည်သူတွေက မထားရဲကြဘူး။ အဲ့တော့အဆင်ပြေသလို နေထိုင်ရင်း နယ်မြေ လမ်းကြောင်းမကျွမ်းတဲ့အခါ အဖမ်းခံရတာ” ဟု ခရမ်းPDF တာဝန်ခံကဖမ်းဆီးခံခဲ့ရမှု အခြေအနေကို ရှင်းပြသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင်လည်း ဧပြီလ ၆ ရက်နေ့က Special Task Force-Mandalay (STF-Mdy) အဖွဲ့ဝင်တစ်ဦးဖမ်းဆီးခံရပြီးနောက် ၎င်းနှင့်ဆက်စပ်သည်ဟုဆိုကာ လူငယ်သုံးဦး ထပ်မံဖမ်းဆီးခံခဲ့ရသည်။
ထို့နောက်ဧပြီလ ၈ ရက်နေ့တွင်လည်း STF-Mdy အဖွဲ့ဝင်တစ်ချို့နှင့် မန္တလေး ပြောက်ကျားတပ်ဖွဲ့ဝင်အချို့အခြေစိုက်ရာစခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ပုံစာ− စစ်အာဏာရှင်ကို ခုခံတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
Photo-Crd
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/791
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3778
Website ->https://eng.thanlwinkhet.net